၂၁ ရာစုမှာ တန်းမဆင်းတဲ့ မှတ်တမ်းကောင်းကို ဆေးလ်ဗားရဲ့ အကူအညီနဲ့ ဖလူမင်နန့်စ် ဆက်ထိန်းထားနိုင်မလား

0

ဘရာဇီးလ်ကလပ် ဖလူမင်နန့်စ်အသင်းဟာ (၂၁)ရာစုမှာ ဘရာဇီးလ်ပြည်တွင်းလိဂ်ရဲ့ အမြင့်ဆုံးအတန်းဖြစ်တဲ့ Campeonato Brazileiro Serie A မှာ အစဉ်အမြဲကစားနေတဲ့အသင်းဖြစ်ပါတယ်။

ဒီအသင်းက ဒီရာသီမှာတော့ အခြေအနေဆိုးနေပြီး အသင်း(၂၀)ရှိတဲ့ Campeonato Brazileiro Serie A မှာ အဆင့်(၁၉)ရောက်နေပါတယ်။

ဒီနွေရာသီမှာ ဖလူမင်နန့်စ်အသင်းက ကစားသမားဟောင်းဖြစ်သူ သီယာဂိုဆေးလ်ဗားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ (၂)နှစ်စာချုပ်ချုပ်ပြီးခေါ်ယူခဲ့ပါတယ်။

သီယာဂိုဆေးလ်ဗားက ဒီအသင်းမှာ လူငယ်ကစားသမားအဖြစ် စတင်ကစားခဲ့သူဖြစ်ပြီး အသင်းကြီးမှာလည်း ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့သူပါ။

အသက်(၃၉)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားရောက်ရှိမလာခင် ကစားခဲ့တဲ့(၁၆)ပွဲမှာ ဖလူမင်နန့်စ်အသင်းဟာ (၁)ပွဲနိုင်(၅)ပွဲသရေ(၁၀)ပွဲရှုံး ရလဒ်ထွက်ထားပြီး ပွဲတိုင်းကို ဂိုးပေးခဲ့ရပါတယ်။

ဒီအသင်းက ဆေးလ်ဗား ပါဝင်ကစားခဲ့တဲ့ ပထမဆုံး(၂)ပွဲမှာ ဂိုးမပေးခဲ့ရဘဲ Clean Sheet (၂)ပွဲဆက်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီ(၂)ပွဲစလုံး ပြိုင်ဘက်အသင်းတွေကို (၁-ဝ)ဂိုးရလဒ်တွေနဲ့ နိုင်ပွဲတွေရယူနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲ(၂)ပွဲက ဒီရာသီမှာ ဖလူမင်နန့်စ်အသင်းအတွက် ဒုတိယမြောက်နဲ့ တတိယမြောက်နိုင်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဖလူမင်နန့်စ်အသင်းအနေနဲ့ သီယာဂိုဆေးလ်ဗားရောက်လာပြီးနောက် ရလဒ်တွေ သိသိသာသာတိုးတက်လာခဲ့တာလို့လည်း ပြောလို့ရပါတယ်။

ဒါကြောင့် ဆေးလ်ဗားရဲ့ကူညီစွမ်းဆောင်မှုတွေနဲ့အတူ (၂၁)ရာစုမှာ ပထမဆုံးတန်းဆင်းရမယ့် အန္တရာယ်ကို ဖလူမင်နန့်စ်အသင်းရှောင်လွှဲနိုင်မလားဆိုတာ ဆက်ပြီး ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *