ပါကယ်တာ ဘက်ကရပ်တည်ပြီး FA ကို အားကစားခုံရုံးမှာ ရင်ဆိုင်တုံ့ပြန်သွားမယ့် ဝက်စ်ဟမ်းအသင်း

0

ဝက်စ်ဟမ်းအသင်းဟာ သူတို့ရဲ့ကွင်းလယ်လူပါကယ်တာကို အရေးယူဖို့ စီစဉ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို အားကစားဥပဒေလမ်းကြောင်းအရ ပြန်လည်တုံ့ပြန် ရင်ဆိုင်သွားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ လူဆန်နီမြို့မှာရှိတဲ့ နိုင်ငံတကာအားကစားခုံရုံး(Court of Arbitration for Sport)ကနေ FA ကို ရင်ဆိုင်တုံ့ပြန်သွားဖို့ ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေက ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်နေတာပါ။

ဘရာဇီးလ်လက်ရွေးစင်းလယ်လူ ပါကယ်တာဟာ ဝက်စ်ဟမ်းအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်(၄)ပွဲမှာ အဝါကတ်တမင်တကာရယူခဲ့တယ်လို့ FA က စွပ်စွဲထားတာပါ။

ပါကယ်တာဟာ သူကိုယ်တိုင်ဖြစ်စေ၊ သူ့ရဲ့မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေဖြစ်စေ လောင်းကစားခြင်းကနေ လောင်းကြေးငွေ အမြတ်အစွန်းရရှိဖို့ အဝါကတ်တမင်အပြခံခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

ဘရာဇီးလ်နိုင်ငံက ဘွတ်ကီဒိုင်တွေမှာ ဒီပွဲ(၄)မှာ ပါကယ်တာအဝါကတ်ထိမယ်ဆိုတဲ့ဘက်က လောင်းကြေးအများအပြားတင်သူတွေရှိနေပြီး လျော်ကြေးငွေအများအပြားပေးလျော်ရပြီးနောက် ဒီလို စွပ်စွဲမှုတွေ ရှိလာခဲ့တာပါ။

FA က သူ့ကို Spot-Fixing ပြစ်ချက်နဲ့ အရေးယူဖို့ စီစဉ်နေပြီး တကယ်လို့ ပါကယ်တာအနေနဲ့ စွဲချက်တွေအတိုင်း အပြစ်ရှိကြောင်း ထင်ရှားရင် ပွဲပယ်ပြစ်ဒဏ် အနည်းဆုံး(၆)လကနေ ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်အထိ ကျခံရနိုင်ပါတယ်။

ဒီစွပ်စွဲချက်တွေက အဓိပ္ပာယ်မရှိဘူးလို့ ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေက ပြောဆိုခဲ့ကြသလို ပါကယ်တာကိုယ်တိုင်ကလည်း ဒီစွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *