မန်ယူနိုက်တက်ရဲ့ အ​ပြာရောင်ရင့်ရင့် အ​ဝေးကွင်း အင်္ကျီကို ပရိသတ်တွေ အကြိုက်တွေ့နေပြီး စံချိန်တင်ရောင်းရ

0

မန်ယူနိုက်တက်အသင်းဟာ လာမယ့်၂၀၂၄-၂၅ ရာသီမှာ ဝတ်ဆင်မယ့် အဝေးကွင်းအင်္ကျီကို အပြာရင့်ရောင်ဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ရာမှာ လူကြိုက်များနေကြောင်း သိရပါတယ်။

ရာသီကြိုကာလမှာ ဒီအင်္ကျီကို မန်ယူနိုက်တက်ပရိသတ်တွေက အများအပြားဝယ်ယူအားပေးနေကြပြီး အသင်းရဲ့အဝေးကွင်းဝတ်စုံရောင်းချရမှုတွေထဲမှာ စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

၁၉၉၀ ကျော်ခုနှစ်တွေက ဝတ်ဆင်ခဲ့တဲ့ အင်္ကျီဒီဇိုင်းကို နမူနာယူပြီး Adidas က ချုပ်ခဲ့တဲ့ ဒီအဝေးကွင်းအင်္ကျီဒီဇိုင်းဟာ ဒီဘက်နောက်ပိုင်းနှစ်တွေမှာ အကောင်းဆုံးအဝေးကွင်းအင်္ကျီဒီဇိုင်းအဖြစ် ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ချီးကျူးနေကြပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အပြာရင့်ရောင်အဝေးကွင်းအင်္ကျီကို ၂၀၁၆-၁၇ ရာသီက နောက်ဆုံးဝတ်ဆင်ခဲ့ပြီး အဲဒီရာသီမှာ ဥရောပအောင်မြင်မှုအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ဒီအပြာရင့်ရောင်အင်္ကျီရဲ့တန်ဖိုးက ပုံမှန်အရည်အသွေးဆိုရင် တစ်ထည်ပေါင်(၈၀)ဖြစ်ပြီး အရည်အသွေးမြင့်တဲ့ Authentic Version ဆိုရင် ပေါင်(၁၁၀)ဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့အင်္ကျီတွေကို ထုတ်လုပ်တဲ့ ဂျာမန်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Adidas ဟာ မန်ယူအသင်းအင်္ကျီတွေကို ၂၀၃၅ ခုနှစ်အထိ ဆက်လက်ထုတ်လုပ်ဖို့ နှစ်ရှည်စာချုပ်တစ်ရပ် ထပ်မံချုပ်ဆိုထားကြောင်း သိရပါတယ်။ ဒီစာချုပ်အရ မန်ယူနိုက်တက်အသင်းဟာ Adidas ထံက စပွန်ဆာဝင်ငွေ ပေါင်သန်း(၉၀၀)ရရှိမှာဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင်မန်ယူနိုက်တက်အသင်းဟာ အင်္ကျီရင်ဘတ်စပွန်ဆာအဖြစ် Qualcomm နည်းပညာကုမ္ပဏီနဲ့ တစ်နှစ် ပေါင်သန်း(၆၀)တန် စာချုပ်ချုပ်ဆိုထားပြီး ဒီစာချုပ်အရ Qualcomm ကထုတ်လုပ်တဲ့ မိုက်ခရိုချစ်ပ်အမှတ်တံဆိပ်ဖြစ်တဲ့ Snapdragon တံဆိပ်ကို အရင် TeamViewer နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *