မော်တော်ကားနဲ့ပတ်သက်ရင် ဇာတာကျနေပြီး တစ်ခုပြီးတစ်ခုဖြစ်နေတဲ့ ရပ်ရှ်ဖို့ဒ်

0

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဟာ မော်တော်ကားနဲ့ ပတ်သက်လာရင်အကျိုးမပေးဖြစ်နေပြီး ဒီအတောအတွင်း တစ်ခုပြီးတစ်ခုဖြစ်ပွားနေတာကို တွေ့နေရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ မန်ယူနိုက်တက်အသင်းနဲ့အတူ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဒီခြေစမ်းခရီးစဉ်မထွက်ခွာခင် မန်ချက်စတာမြို့မှာ ယာဉ်မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်က ပြီးခဲ့တဲ့ ဇူလိုင်(၁၆)ရက်နေ့မှာ ချက်ရှိုင်းယားဒေသက Wilmslow မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ရှ်ဖို့ဒ်ရဲ့Range Rover ကားကို တစ်ဖက်က အမည်းရောင် မာစီးဒီးစ်ကားက လာတိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့Range Rover ကား အမှားအယွင်းမဟုတ်ခဲ့ဘဲ တစ်ဖက်က မာစီးဒီးစ်ကားရဲ့အမှားဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ကြပါတယ်။ မာစီးဒီးစ်ကားကို မောင်းနှင်လာသူက အသက်(၅၅)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပါတယ်။

ဒီအမျိုးသမီးကို ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုအရ အရက်သေစာသောက်စားထားတဲ့အနေအထားမျိုးတွေ့ခဲ့ရတယ်လို့ သိရှိရပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ မကြာသေးမီက ကားမောင်းခွင့်ပိတ်ခံထားရတာကြောင့် သူ့ရဲ့ကားကို သူ့သူငယ်ချင်းတစ်ဦးက မောင်းခဲ့ပြီး သူက ကားနောက်ခန်းထဲက လိုက်ပါလာခဲ့ကြောင်းသိရပါတယ်။

ကားထဲမှာ မန်ယူနိုက်တက်အသင်းဖော်နောက်ခံလူ မာလာစီယာလည်း ပါဝင်ခဲ့ပြီး၊ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီးနောက် ယာဉ်မောင်းဖြစ်သူ(ရပ်ရှ်ဖို့ဒ် သူငယ်ချင်း)နဲ့ မာလာစီယာတို့ကို ဆေးရုံပို့ဆောင် စစ်ဆေးမှုခံယူခဲ့ရကြောင်းသိရပါတယ်။ ဒါပေမယ့် သူတို့အားလုံးဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့တာကြောင့် ဆေးရုံကနေ ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ယာဉ်မတော်တဆမှုဖြစ်ခဲ့တာကြောင့် သူ့ရဲ့ Rolls-Royce ကားထိခိုက်ပျက်စီးခဲ့ရပါတယ်။ အဲဒီတုန်းက အသင်းလေ့ကျင့်ရေးကွင်းကအပြန် ညဘက်မှောင်နေတာကြောင့် လမ်းလယ်ကျွန်းက ကျောက်တိုင်ကို ဝင်တိုက်မိခဲ့တာပါ။

ဒီဖြစ်ရပ်ဖြစ်ပွားပြီး နောက်(၂)လကျော်အကြာမှာ ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာမြို့က M6 လမ်းမပေါ်မှာ သတ်မှတ်မိုင်နှုန်းထက်ကျော်ပြီးမောင်းခဲ့လို့ ရဲဖမ်းခံခဲ့ရပါတယ်။

ဒီအမှုအတွက် မကြာသေးမီကမှ တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပြီး တရားသူကြီးက ယာဉ်မောင်းလိုင်စင်(၆)လ ပိတ်သိမ်းတဲ့ ပြစ်ဒဏ်ချမှတ်ထားတာပါ။ ယာဉ်မောင်းခွင့်ပိတ်သိမ်းခံရပြီး (၂)ရက်အကြာမှာ ဒီမတော်တဆမှုဖြစ်ခဲ့တာဖြစ်လို့ သူ့အနေနဲ့ အခုအတောအတွင်း ကားနဲ့ပတ်သက်လာရင် ဇာတာအတော်ကျနေတယ်လို့ ဆိုရမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *