အရောင်တွေ ပြောင်းပြန်ဖြစ်သွားတဲ့ မန်ချက်စတာ နှစ်သင်း

0

မန်ယူနိုက်တက်အသင်းရဲ့အောင်ပွဲခံအခမ်းအနားတွေမှာ မန်ယူနိုက်တက်ပရိသတ်တွေက Manchester is Red လို့ ကြွေးကြော်တတ်ကြပါတယ်။

ဒီလိုပဲ မန်စီးတီးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားတွေမှာလည်း မန်စီးတီးပရိသတ်တွေက Manchester is Blue လို့ ကြွေးကြော်တတ်ကြပြန်ပါတယ်။

လာမယ့် ၂၀၂၄-၂၅ ရာသီ ဒီနှစ်သင်းရဲ့အင်္ကျီဝတ်စုံတွေကို ကြည့်ရင်တော့ ဒီကြွေးကြော်သံနဲ့ ကြွေးကြော်ဖို့တောင် ခပ်ခက်ခက်ပါပဲ။

မန်ယူနိုက်တက်အသင်းက သူတို့ရဲ့အဝေးကွင်းဝတ်စုံအရောင်အသွေးကို အပြာရောင်အဖြစ်ရွေးချယ်ထားပြီး မန်စီးတီးအသင်းက သူတို့ရဲ့တတိယဝတ်စုံအရောင်အသွေးကို အနီရောင်အဖြစ် ရွေးချယ်ထားလို့ပါ။

မန်ယူနိုက်တက်က အနီ၊ မန်စီးတီးက အပြာဆိုတဲ့ အခြေခံနိယာမသဘောတရားကို ဖောက်ဖျက်တယ်လို့ ဆိုနိုင်ပေမယ့် ဒါက အသစ်အဆန်းတော့မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မန်ယူနိုက်တက်အသင်းဟာ အရင်တုန်းကလည်း အပြာရောင်ဝတ်စုံကို အကြိမ်ကြိမ်ဝတ်ခဲ့ဖူးသလို၊ မန်စီးတီးကလည်း အနီရောင် အရောင်အသွေးပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ခဲ့ဖူးလို့ပါ။

ဒါပေမယ့် လာမယ့် ၂၀၂၄-၂၅ ရာသီလို မန်ယူနိုက်တက်က အပြာ၊ မန်စီးတီးက အနီ ဆိုပြီး တစ်ပြိုင်တည်း ဆန့်ကျင်ဘက်အရောင်တွေကို ရွေးချယ်တဲ့ရာသီကတော့ မရှိသလောက်ရှားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ မန်စီးတီးရဲ့အရောင်အသွေးလို မိုးပြာရောင်မဟုတ်တဲ့ အပြာရင့်ရင့်အရောင်တွေကို ၁၉၉၀ ဝန်းကျင်နှစ်တွေက အကြိမ်ကြိမ်ဝတ်ခဲ့ဖူးပါတယ်။ နောက်ဆုံးဝတ်ခဲ့တာကတော့ ယူရိုပါလိဂ်ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ၂၀၁၆-၁၇ ရာသီက ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အနီရောင်နဲ့ အနက်ရောင်အစင်းပါတဲ့ အင်္ကျီကို ၂၀၂၂-၂၃ ရာသီက နောက်ဆုံးဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *