နည်းပြတွေက တစ်နှစ် ပွဲပယ်ခံရ၊ အသင်းကရမှတ်လျှော့ခံရတဲ့ ကနေဒါအသင်းရဲ့ ဒရုန်းပြဿနာ

0

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် ကနေဒါအမျိုးသမီးဘောလုံးအသင်းဟာ ပြိုင်ဘက်နယူးဇီလန်အသင်းရဲ့နည်းစနစ်၊ နည်းဗျူဟာတွေကို သိရှိဖို့ ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ လုပ်ရပ်အတွက် (၆)မှတ်လျှော့ပြစ်ဒဏ်ချခံခဲ့ရပါတယ်။

ဒရုန်းနဲ့ထောက်လှမ်းခဲ့တဲ့ လုပ်ရပ်အတွက် ကနေဒါအမျိုးသမီးအသင်းနည်းပြဘက်ဗ်ပရီးစ်မန်နဲ့ နည်းပြအဖွဲ့ဝင်(၂)ဦးကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က တစ်နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အိုလံပစ် (အမျိုးသမီးဘောလုံး)ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ကနေဒါအသင်းဟာ နယူးဇီလန်အသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မတိုင်မီ နယူးဇီလန်အသင်းလေ့ကျင့်ရေးကွင်းမှာ ဒရုန်းလွှင့်တင်ပြီး နည်းစနစ်တွေကို ထောက်လှမ်းခဲ့တာပါ။

ဒီလုပ်ရပ်အတွက် နည်းပြဘက်ဗ်ပရီးစ်မန်နဲ့ ဒီလုပ်ရပ်ကို အဓိကကျူးလွန်ခဲ့သူ နည်းပြအဖွဲ့ဝင်(၂)ဦးကိုလည်း ကနေဒါအိုလံပစ်ကော်မတီက အိမ်ပြန်ဖို့ ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ကနေဒါဘောလုံးလောကအတွက် သိက္ခာကျအရှက်ရစရာဖြစ်ခဲ့ပါတယ်။

ကနေဒါအသင်းအနေနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ နယူးဇီလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် (၆)မှတ်လျှော့ခံရတာကြောင့် (-၃)မှတ်နဲ့ အုပ်စုနောက်ဆုံးနေရာကို ရောက်ရှိသွားပါတယ်။

ဒါကြောင့် အုပ်စုကနေ နောက်တစ်ဆင့်တက်ဖို့ခက်ခဲသွားပြီး၊ ကနေဒါရဲ့အုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ ပြင်သစ်၊ ကိုလံဘီယာ၊ နယူးဇီလန်အသင်းတွေအတွက် အခွင့်အလမ်းပိုကောင်းသွားပါတယ်။

အုပ်စုအဆင့်ကနေ အုပ်စုပထမ၊ ဒုတိယအသင်းတွေနဲ့ အကောင်းဆုံးအုပ်စုတတိယအသင်း(၂)သင်း တက်မှာကြောင့် ချန်ပီယံကနေဒါအသင်းအနေနဲ့ မျှော်လင့်ချက်ငွေ့ငွေ့တော့ ရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *