သူခိုးတွေ သောင်းကျန်းနေတဲ့ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲ

0

ကျင်းပလျက်ရှိနေတဲ့ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ သူခိုးတွေသောင်းကျန်းနေပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူခံရတာကြောင့် တိုင်ကြားမှုတွေရှိနေပါတယ်။

ပထမဆုံးခိုးယူခံရတာက အာဂျင်တီးနားအိုလံပစ်ဘောလုံးအသင်းပါ။ အာဂျင်တီးနားအိုလံပစ်အသင်းနည်းပြ မာရှေရာနိုက သူ့အသင်းက ပစ္စည်းတချို့ခိုးယူခံရတယ်လို့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်း လေ့ကျင့်ခန်းဆင်းနေစဉ်မှာ အသင်းတည်းခိုရာနေရာက ပစ္စည်းတချို့ခိုးယူခံရတာဖြစ်ပြီး ခိုးယူခံရတဲ့ပစ္စည်းတွေထဲမှာ ကွင်းလယ်လူ သီယာဂိုအယ်လ်မာဒါရဲ့နာရီ၊ လက်စွပ်တို့ပါဝင်ခဲ့တာကြောင့် တန်ဖိုးများပြားကြောင်း၊ စုစုပေါင်း ပေါင်(၄၂၀၀၀)ဖိုးလောက် ခိုးယူခံရကြောင်း ပြင်သစ်မီဒီယာ BFMTV က ဖော်ပြခဲ့ပါတယ်။

နောက်ထပ်ခိုးယူခံရတဲ့ အဖွဲ့က သြစတြေးလျ BMX စက်ဘီးအဖွဲ့ပါ။ သူတို့ အားကစားအဖွဲ့အသုံးပြုတဲ့ ဗန်ကားရဲ့ပြူတင်းပေါက်မှန်တွေကို ခွဲပြီး ကားထဲက ပစ္စည်းတချို့ခိုးယူခံရတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

နောက်ထပ်ခိုးယူခံရတာက ပါရီအိုလံပစ်ပြိုင်ပွဲကို လာရောက်တဲ့ ဘရာဇီးလ်ဂန္ထဝင်ကစားသမားဇီကို ဖြစ်ပါတယ်။ ဇီကိုကတော့ အထိနာခဲ့ပါတယ်။ ပါရီမြို့အတွင်းမှာ သူ့ရဲ့လက်ဆွဲအိတ်ခိုးယူခံရပြီး ပေါင်(၄)သိန်းကျော်တန် အဖိုးတန်ပစ္စည်းတွေ ပါဝင်သွားခဲ့ကြောင်း သိရပါတယ်။

အသက်(၇၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇီကိုရဲ့ လက်ဆွဲအိတ်ထဲမှာ အဖိုးတန်စိန်ဘယက်တစ်ခု၊ အဖိုးတန်ရိုးလက်စ်နာရီတစ်လုံးနဲ့ ငွေစက္ကူတွေပါဝင်ခဲ့ပြီး တက္ကဆီနဲ့သွားလာနေစဉ် တက္ကဆီကားပေါ်ကနေ ခိုးယူခံရတာဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် အားကစားသမားတွေကို ပစ်မှတ်ထားနေတဲ့ သူခိုးတွေကို သတိထားကြဖို့ ဆိုရှယ်မီဒီယာမှာ သတိပေးမှုတွေရှိနေပြီး ပြင်သစ်နိုင်ငံအတွက်ကတော့ ဆွမ်းဆန်စိမ်းထဲကြွက်ချေးရောဆိုသလို သူခိုးပေါများတဲ့ပါရီမြို့အတွက် သိက္ခာကျ အရှက်ရစရာဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *