အဖေဆစ်ဆေးခြေရာနင်းမလားစောင့်ကြည့်ရမယ့် သားပရင့်စ် ဆစ်ဆေး

0

လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပြင်သစ်တိုက်စစ်မှူးဟောင်းဒီဂျီဘရယ်လ်ဆစ်ဆေးရဲ့သားဖြစ်သူ ပရင့်စ်ဆစ်ဆေးဟာ လီဗာပူးလ်အသင်းနဲ့ ပညာသင်စာချုပ်ချုပ်ဆိုခဲ့ပြီး အဖေခြေရာနင်းနိုင်ဖို့ ကြိုးစားနေပါတယ်။

မကြာသေးခင်ကမှ အသက်(၁၆)နှစ်ပြည့်ခဲ့တဲ့ ပရင့်စ်ဆစ်ဆေးဟာ လီဗာပူးလ်အကယ်ဒမီမှာ ကျောင်းစာနဲ့အတူ ဘောလုံးပညာသင်ကြားရမှာဖြစ်ပါတယ်။

ပရင့်စ်ဆစ်ဆေးအနေနဲ့ အကယ်ဒမီမှာ ခြေစွမ်းပြနိုင်ခဲ့ရင် လီဗာပူးလ်ယူ-၁၈အသင်းမှာ ပါဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

ပရင့်စ်ဆစ်ဆေးရဲ့ဖခင်ဖြစ်သူဆစ်ဆေးဟာ လီဗာပူးလ်အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၀၅ ချန်ပီယံလိဂ်ချန်ပီယံဆုရ လီဗာပူးလ်အသင်းရဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ အသက်(၄၂)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆစ်ဆေးဟာ အော်ဇေး၊ မာဆေးလ်၊ ဆန်းဒါလန်း၊ ပင်နာသီနိုင်းကော့စ်၊ လာဇီယို၊ QPR အစရှိတဲ့ ဥရောပကလပ်အသင်းစုံမှာ ကစားဖူးသူဖြစ်ပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၄၁)ပွဲကစားကာ (၉)ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဆစ်ဆေးမှာ သား(၃)ယောက်နဲ့ သမီးတစ်ယောက်ရှိပြီး ဒုတိယသားဖြစ်သူ ပရင့်စ်ဆစ်ဆေးက ဖခင်လို နာမည်ကြီး ဘောလုံးသမားဖြစ်လာဖို့ ရည်မှန်းချက်ထားကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် ပရင့်စ်ဆစ်ဆေးအနေနဲ့ လီဗာပူးလ်အသင်းမှာ ဖခင်ခြေရာနင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *