မာဆေးလ် ကစားသမားဖြစ်ပြီး မိနစ်(၃၀) အတွင်း ပွဲဦးထွက်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂရင်းဝုဒ်

0

မန်ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့လာတဲ့ အင်္ဂလန်တိုက်စစ်မှူးဂရင်းဝုဒ်ဟာ သူ့ရဲ့ပထမဆုံးမာဆေးလ်ကစားသမားဘ၀ မိနစ်(၃၀)အတွင်းမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မာဆေးလ်အသင်းဟာ ပြင်သစ်ဒုတိယတန်းက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Pau FC အသင်းနဲ့ ကစားခဲ့ရာမှာ ဂရင်းဝုဒ်က သူ့ရဲ့ပထမဆုံးပွဲအဖြစ် ပါဝင်ကစားပြီး မိနစ်(၃၀)မှာ ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက စပိန်ကလပ်ဂီတာဖေးအသင်းမှာ (၁၀)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးခဲ့တဲ့ ဂရင်းဝုဒ်အနေနဲ့ ပြင်သစ်ကလပ်မာဆေးလ်အသင်းမှာလည်း မြန်မြန်ဆန်ဆန်အထိုင်ကျခဲ့တယ်ဆိုတာကို ပြခဲ့တာပါ။

ဒီပွဲမှာ မာဆေးလ်အသင်းက Pau FC အသင်းကို အိမ်ကွင်းမှာ (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့(၃)ရက်က ကစားခဲ့တဲ့ခြေစမ်းပွဲမှာလည်း တူးလူးအသင်းကို (၃-ဝ)ဂိုးရလဒ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။

မာဆေးလ်အသင်းကို ဘရိုက်တန်အသင်းနည်းပြဟောင်း ဒီဇာဘီက နည်းပြအဖြစ် ကိုင်တွယ်နေပြီး ရာသီကြိုကာလတွေမှာ အသင်းအနေနဲ့ အထင်ကြီးစရာခြေစွမ်းကို ပြသနေတာလည်းဖြစ်ပါတယ်။

အသက်(၂၂)နှစ်အရွယ် ဂရင်းဝုဒ်အနေနဲ့ မာဆေးလ်အသင်းကို ပြောင်းရွှေ့လာရာမှာ အရင်ကသူကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုနဲ့ထိခိုက်နာကျင်စေမှုအရိပ်မည်းတွေကြောင့် ပရိသတ်တချို့ရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ကြုံတွေ့နေရတာပါ။

မာဆေးလ်ကို သူ ပြောင်းရွှေ့လာတာကို လက်မခံကြောင်း မာဆေးလ်ပရိသတ်တချို့က ဆန္ဒထုတ်ဖော်နေကြပြီး ဂရင်းဝုဒ်အနေနဲ့ ဒီအသင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းပြီး ပရိသတ်အားလုံးလက်ခံတဲ့ကစားသမားတစ်ဦးဖြစ်လာအောင် ပြုလုပ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *