လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်ဆိုတဲ့ ပါကယ်တာ

0

၀က်စ်ဟမ်းအသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူပါကယ်တာက သူ့အပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စွဲဆိုထားတဲ့ လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်လို့ ပြောလိုက်ပါတယ်။

FA က ပါကယ်တာအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ အဝါကတ်တမင်တကာရယူပြီး သူကိုယ်တိုင်ဖြစ်စေ၊ သူ့သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်စေ လောင်းကစားမှာ ငွေကြေးအမြတ်အစွန်းရအောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲပြီး မနေ့က စွဲချက်တင်ခဲ့တာပါ။

ပါကယ်တာက ”FA က ကျွန်တော့်ကို စွဲချက်တင်ဖို့ ဆုံးဖြတ်တာကို ကျွန်တော်အရမ်းဝမ်းနည်းပြီး အံအားသင့်ရပါတယ်။ ပြီးခဲ့တဲ့(၉)လအတွင်း သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေအဆင့်ဆင့်မှာ ကျွန်တော်အတူပူးပေါင်းပါဝင်ခဲ့ပါတယ်။ သူတို့လိုအပ်သမျှ အချက်အလက်တွေအားလုံးကိုလည်းပေးခဲ့ပါတယ်။ ဒီစွဲချက်တွေအားလုံးကို ကျွန်တော် ငြင်းဆိုပါတယ်။ ကျွန်တော့်ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာအတွက် နောက်ဆုံးထွက်သက်အထိ ကျွန်တော်တိုက်ပွဲဝင်သွားပါမယ်”လို့ သူ့ရဲ့Instagram မှာ ရေးသားခဲ့ပါတယ်။

ပါကယ်တာဟာ ၂၀၂၂-၂၃ ရာသီအတွင်း လက်စတာ၊ ဗီလာ၊ လိဒ်စ်ယူနိုက်တက်အသင်းတွေနဲ့ ကစားခဲ့တဲ့ပွဲ၊ ၂၀၂၃-၂၄ ရာသီမှာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲတွေမှာ တမင်တကာ အဝါကတ်ထိအောင် ကစားခဲ့တယ်လို့ FA က စွပ်စွဲခဲ့တာပါ။

ဒီစွဲချက်တွေကို လာမယ့် ဇွန်လ (၃)ရက်နေ့မတိုင်ခင် ပါကယ်တာအနေနဲ့ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီး လက်ရှိ သူကြေညာထားတဲ့စာအရ ပါကယ်တာအနေနဲ့ သူ့အပေါ်အရေးယူမှုတွေ ရောက်မလာအောင် အဆုံးစွန်အထိ တုံ့ပြန်သွားမယ့်အလားအလာရှိနေပါတယ်။

FA အနေနဲ့ လောင်းကစားမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနေပြီး ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဗန်တိုနေး၊ နယူးကာဆယ်ကွင်းလယ်လူ တိုနယ်လီတို့အနေနဲ့ ပြီးခဲ့တဲ့ရာသီတွေအတွင်း လောင်းကစားမှုကျူးလွန်ကြောင်း တွေ့ရှိရလို့ ကာလရှည်ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *