ဘရာဇီးလ် အမျိုးသမီးလက်ရွေစင်အသင်းမှာ နိုင်ငံတကာပွဲ(၂၀၀) ပြည့်သွားတဲ့ မာတာ

0

ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးမာတာဟာ ၂၀၂၄ ပါရီအိုလံပစ်(အမျိုးသမီးဘောလုံး)ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ် ဘရာဇီးလ်(၁-၂)ဂျပန်ပွဲမှာ နိုင်ငံတကာပွဲ(၂၀၀)ပြည့်သွားခဲ့ပါတယ်။

အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ မာတာဟာ ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းမှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး (၁၁၈)ဂိုးသွင်းယူပေးထားသူပါ။

မာတာဟာ ဘရာဇီးလ်အမျိုးသမီးအသင်းမှာ ပွဲအများဆုံးကစားထားသူတော့မဟုတ်ပါဘူး။ ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတာက ပွဲပေါင်း(၂၃၄)ပွဲကစားခဲ့တဲ့ ကွင်းလယ်လူဟောင်းဖော်မီဂါဖြစ်ပါတယ်။

မာတာက ဖော်မီဂါအပြီး ဘရာဇီးလ်အသင်းအတွက် ပွဲ(၂၀၀)ပြည့်တဲ့ ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ မာတာဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၂၀၀၂ ခုနှစ်မှာ စတင်ကစားခဲ့ပြီး ဖီဖာက ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကို (၆)ကြိမ်တိုင်ရယူထားသူဖြစ်ပါတယ်။

မာတာအနေနဲ့ တစ်ဦးချင်းထူးချွန်ဆုတွေရခဲ့ပေမယ့် ဘရာဇီးလ်အမျိုးသမီးအသင်းနဲ့အတူ အောင်မြင်မှုကြီးကြီးမားမားမရဘဲ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာရော၊ အိုလံပစ်ပြိုင်ပွဲမှာပါ ဒုတိယဆုတွေနဲ့သာကျေနပ်ခဲ့ရသူဖြစ်ပါတယ်။

နိုင်ငံတကာအမျိုးသမီးဘောလုံးလောကမှာ လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတာ အမေရိကန်ကွင်းလယ်လူဟောင်း ခရစ္စတင်းလီလီဖြစ်ပြီး (၂၃)နှစ်အတွင်း နိုင်ငံတကာပွဲပေါင်း(၃၅၄)ပွဲကစားကာ စံချိန်တင်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *