ချယ်လ်ဆီးအသင်းဖော်တွေကို တစ်ဦးချင်းတောင်းပန်ခဲ့ပြီး ရန်ပုံငွေလှူဒါန်းမယ်လို့ ကတိပြုခဲ့တဲ့ ဖာနန်ဒက်ဇ်

0

ချယ်လ်ဆီးအသင်းရဲ့အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းကို ဆက်သွယ်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတူပူးပေါင်းနေပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၂၄ကိုပါအမေရိကဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ခဲ့တာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ အခြားချယ်လ်ဆီးကစားသမားတွေထက် နားရက်ပိုရထားပြီး အခု အားလပ်ရက်ကုန်ဆုံးပြီဖြစ်လို့ အသင်းကို ပြန်လည်ဆက်သွယ်ပူးပေါင်းခဲ့တာပါ။

အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီးနောက် အသင်းဖော်တွေကို တစ်ဦးချင်းတောင်းပန်ခဲ့ပြီး လူမှုရေးအဖွဲ့အစည်းတွေကို ရန်ပုံငွေလှူဒါန်းသွားမယ်လို့ ကတိပေးခဲ့ကြောင်းလည်းသိရပါတယ်။

၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် အသင်းဘတ်စ်ကားပေါ်မှာ ပြင်သစ်အသင်းရဲ့လူမည်းကစားသမားတွေကို အာဂျင်တီးနားအသင်းဖော်တွေနဲ့အတူ လှောင်ပြောင်ခဲ့တဲ့လုပ်ရပ်အတွက် အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီးအသင်းက လူမည်းကစားသမားအများစုက မကျေမနပ်ဖြစ်နေတာပါ။

သူ့အနေနဲ့ ဒီလုပ်ရပ်အတွက် ဆိုရှယ်မီဒီယာကတစ်ဆင့် စာရေးသားတောင်းပန်ခဲ့သလို အခု အသင်းကို ရောက်ရှိလာချိန်မှာလည်း အသင်းဖော်တွေကို တစ်ဦးချင်းတောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အသားအရောင်/လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့အစည်းတွေကို ချယ်လ်ဆီးအသင်းဖောင်ဒေးရှင်းကနေ တစ်ဆင့် ငွေကြေးလှူဒါန်းပေးသွားမယ်လို့ အန်ဇိုဖာနန်ဒက်ဇ်က ကတိပြုခဲ့ပါတယ်။ အမှားကျူးလွန်ခဲ့ပြီးနောက် ဒီအမှားကို တာဝန်သိသိ ဝန်ခံခဲ့ပြီး တောင်းပန်ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့လုပ်ရပ်တွေကို ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေက သဘောကျနှစ်သက်နေတယ်လို့လည်း ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ရဲ့လူမျိုးရေးခွဲခြားမှုဖြစ်ရပ်အပြီး သူ့ရဲ့ Instagram ကို Unfollowed လုပ်ခဲ့တဲ့ ချယ်လ်ဆီးကစားသမား(၁၀)ဦးအထိ ရှိခဲ့ပြီး ဒီကစားသမားတွေကရော သူ့ရဲ့လူတွေ့တောင်းပန်မှုကို အသာတကြည်လက်ခံခြင်း ရှိမရှိ ဆက်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *