အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ငယ်ဘဝအသင်းမပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ဒီမာရီယာ

0

အာဂျင်တီးနားဝါရင့်တောင်ပံကစားသမား ဒီမာရီယာက မိမိရဲ့ မိသားစုအပေါ်အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ရိုဆာရီယိုစင်ထရယ်အသင်းမှာ ပြန်ကစားမယ့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒီမာရီယာဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအပြီးမှာ နိုင်ငံတကာဘောလုံးသမားဘဝက အနားယူခဲ့သူဖြစ်ပြီး ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက လည်း လမ်းခွဲထွက်ခွာခဲ့သူဖြစ်ပါတယ်။

သူက သူ့မွေးရပ်မြေ အာဂျင်တီးနားမှာ ပြန်အခြေချဖို့ စဉ်းစားနေပြီး အာဂျင်တီးနားရုပ်သံလိုင်းတစ်ခုနဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ခါးသီးတဲ့ အတွေ့အကြုံကို ပြောပြခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အစ်မရဲ့ စီးပွားရေးလုပ်ငန်းကို ပါဆယ်ပုံးတစ်ခုရောက်လာပါတယ်။ အထဲမှာ နဖူးကို သေနတ်ကျည်ဆံမှန်ထားတဲ့ ဝက်ခေါင်းတစ်ခုပါဝင်ပါတယ်။ ပြီးတော့ စာတစ်စောင်လည်းပါခဲ့ပြီး တကယ်လို့ ရိုဆာရီယိုအသင်းကို ကျွန်တော်ပြောင်းရွှေ့ကစားခဲ့ရင် နောက်ခေါင်းတစ်ခုက ကျွန်တော့်သမီး ပီယာရဲ့ခေါင်းဖြစ်သွားမယ်လို့ ရေးထားပါတယ်”ဆိုပြီး ဒီမာရီယာက ပြောခဲ့ပါတယ်။

ဒီမာရီယာတို့ မိသားစုကို ရိုဆာရိုယိုစင်ထရယ်အသင်း ဂျာစီအင်္ကျီနဲ့ တွေ့ရစဉ်

သူ့ကို ဘာကြောင့် ခြိမ်းခြောက်ခဲ့သလဲ .. ဘယ်သူတွေက ခြိမ်းခြောက်ခဲ့သလဲဆိုတာတော့ ဒီမာရီယာက ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဒီခြိမ်းခြောက်ခံရမှုကြောင့် ဇာတိမြေမှာ ကစားသမားဘဝအဆုံးသတ်ချင်တဲ့ ရည်ရွယ်ချက် ပျက်စီးရတယ်လို့ပဲ သူကဆိုခဲ့ပါတယ်။

ဒီမာရီယာဟာ အာဂျင်တီးနားကလပ် ရိုဆာရီယိုစင်ထရယ်အသင်းမှာ လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ရိုဆာရီယိုစင်ထရယ်အသင်းကြီးမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့တာပါ။

ရိုဆာရီယိုစင်ထရယ်အသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး ဥရောပကို ပြောင်းရွှေ့ကာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှာ (၃)နှစ်ကြာကစားခဲ့ပါတယ်။ အဲဒီကမှ ရီးရဲလ်မက်ဒရစ်၊ မန်ယူနိုက်တက်၊ PSG အစရှိတဲ့ ဥရောပအသင်းကြီးတွေကို ပြောင်းရွှေ့ကစားပြီး ၂၀၂၃ ခုနှစ်နွေရာသီမှာ ဘင်ဖီကာကို ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီမာရီယာဟာ ဒီနွေရာသီမှာဘင်ဖီကာအသင်းက ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *