အိုလံပစ်ကွာတားဖိုင်နယ်မှာ နောက်ဆုံးချန်ပီယံ (၂)သင်း ကမ္ဘာ့ချန်ပီယံဟောင်း (၂)သင်း ထိပ်တိုက်တွေ့မယ်

0

မနေ့ညက ပါရီအိုလံပစ်(အမျိုးသမီးဘောလုံး)အုပ်စုပွဲတွေပြီးဆုံးသွားချိန်မှာ ကွာတားဖိုင်နယ်အဆင့်အတွက် အတွဲအဖက်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းသာရှိတာကြောင့် အုပ်စုအဆင့်မှာ (၄)သင်းသာကျန်ခဲ့ပြီး (၈)သင်းက နောက်တစ်ဆင့်ဖြစ်တဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အုပ်စုအဆင့်မှာ ကျန်ခဲ့တဲ့(၄)သင်းက နယူးဇီလန်၊ သြစတြေးလျ၊ ဇမ်ဘီယာ၊ နိုင်ဂျီးရီးယားအသင်းတို့ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ကို ပါရီအိုလံပစ်အိမ်ရှင်ပြင်သစ်အပါအဝင် အသင်းကောင်း​တွေ တက်ရောက်လာခဲ့တာကြောင့် ပွဲကြီးပွဲကောင်းတွေကို တွေ့ရမှာပါ။

နောက်ဆုံးအိုလံပစ်ပြိုင်ပွဲ(၂)ခုဖြစ်တဲ့ ၂၀၁၆ ရီယိုအိုလံပစ်နဲ့ ၂၀၂၀ တိုကျိုအိုလံပစ်တွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျာမနီနဲ့ ကနေဒါတို့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့မှာဖြစ်သလို၊ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားမှာရော အိုလံပစ်မှာပါ အအောင်မြင်ဆုံးအဖြစ် (၄)ကြိမ်စီဗိုလ်စွဲထားတဲ့ အမေရိကန်နဲ့ ၂၀၁၁ ကမ္ဘာ့ဖလားချန်ပီယံဂျပန်တို့လည်း ထိပ်တိုက်ဆုံကြမှာပါ။

အိမ်ရှင်ပြင်သစ်က နာမည်ကြီးထမင်းငတ်ဖြစ်ပြီး ကမ္ဘာ့ဖလားမှာရော အိုလံပစ်မှာပါ ချန်ပီယံဆုနဲ့ဝေးကွာနေတဲ့ ဘရာဇီးလ်နဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဂျပန်၊ စပိန်အစရှိတဲ့အသင်းတွေကို ရှုံးထားတဲ့ ဘရာဇီးလ်အနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူးမာတာကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ကွာတားဖိုင်နယ်မှာ ချန်လှပ်ရဦးမှာဖြစ်ပါတယ်။ မာတာဟာ နောက်ဆုံးကစားခဲ့တဲ့ စပိန်နဲ့ပွဲမှာအနီကတ်ပြခံခဲ့ရတာပါ။

မနှစ်က ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားတဲ့ စပိန်က ခြေစွမ်းထက်ပြီး အဆိပ်ရှိတဲ့ ကိုလံဘီယာနဲ့ ရင်ဆိုင်ရမှာပါ။

ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမနီ-ကနေဒါပွဲ နိုင်တဲ့အသင်းက အမေရိကန်-ဂျပန်ပွဲ နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ တစ်ဖက်မှာတော့ ပြင်သစ်-ဘရာဇီးလ်ပွဲ နိုင်တဲ့အသင်းက စပိန်-ကိုလံဘီယာပွဲ နိုင်တဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်ကစားရမှာပါ။

ကွာတားဖိုင်နယ်ပွဲတွေကို သြဂုတ်(၃)ရက်နေ့မှာ တစ်ရက်တည်း အပြတ်ကစားသွားမှာပါ။

အိုလံပစ်(အမျိုးသမီးဘောလုံး) ကွာတားဖိုင်နယ်

■ ကနေဒါ-ဂျာမနီ
■ အမေရိကန်-ဂျပန်
■ ပြင်သစ်-ဘရာဇီးလ်
■ စပိန်-ကိုလံဘီယာ

Leave a Reply

Your email address will not be published. Required fields are marked *