ဘောလုံးကွင်းထဲဝင်တာ နောက်ကျတဲ့ (၂၂) ကြိမ်အတွက် ပေါင်(၂)သန်းကျော် ဒဏ်ရိုက်ခံရတဲ့ မန်စီးတီး

0

ပြီးခဲ့တဲ့(၂)ရာသီအတွင်း ဘောလုံးကွင်းထဲကို ဝင်တာနောက်ကျတဲ့ဖြစ်ရပ်တွေအတွက် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဒဏ်ငွေပေါင်(၂)သန်းကျော်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ မန်စီးတီးအသင်းအပြင် အခြားပရီးမီးယားလိဂ်အသင်းတွေကိုလည်း ဒီလိုနောက်ကျတဲ့အကြိမ်အရေအတွက်အလိုက် ပြစ်ဒဏ်ချခဲ့ပြီး မန်စီးတီးအသင်းကတော့ နောက်ကျတဲ့ အကြိမ်အရေအတွက် အများဆုံးဖြစ်သလို ဒဏ်ငွေလည်း အများဆုံးဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီနဲ့ ၂၀၂၃-၂၄ ရာသီတွေမှာ မန်စီးတီးအသင်းဟာ ဘောလုံးပွဲစတင်ချိန်မှာ ဖြစ်စေ၊ နားနေချိန်အပြီး ဒုတိယပိုင်းပြန်စတင်ချိန်မှာဖြစ်စေ ကွင်းထဲကို ဝင်တာနောက်ကျတဲ့အကြိမ်အရေအတွက် (၂၂)ကြိမ်အထိရှိခဲ့တာပါ။
ဒီလိုနောက်ကျတာက ပွဲမတိုင်မီ(သို့မဟုတ်)ဒုတိယပိုင်းမစမီ နည်းပြဂွါဒီယိုလာရဲ့ အနီးကပ်နည်းစနစ်ပိုင်းညွှန်ကြားချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပလပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီနောက်ကျတဲ့ (၂၂)ကြိမ်ထဲမှာ တချို့နောက်ကျတဲ့အကြိမ်တွေက စက္ကန့်(၆၀/၇၀)ဝန်းကျင်သာရှိပေမယ့် ဒိုင်လူကြီးတွေက နောက်ကျတဲ့အကြိမ်တိုင်းကို မှတ်တမ်းတင်ထားတာပါ။ ဒါကြောင့် နောက်ကျတဲ့အချိန်နဲ့ အကြိမ်အရေအတွက်ကို တွက်ချက်ပြီး မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က ဒဏ်ငွေပေါင်(၂.၀၉)သန်းအထိ တပ်ရိုက်ခဲ့တာပါ။

မန်စီးတီးအသင်းတာဝန်ရှိသူတွေက ပရီးမီးယားလိဂ်က ချမှတ်တဲ့ပြစ်ဒဏ်ကိုလက်ခံခဲ့သလို နောက်လာမယ့်ပွဲစဉ်တွေမှာ ဒီလိုမဖြစ်အောင် ကြိုးစားမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို တောင်းပန်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *