ပြင်သစ်-အီဂျစ်၊ စပိန်-မော်ရိုကိုတို့ ဆီးမီးဖိုင်နယ်မှာ ဆုံတွေ့မယ့် အိုလံပစ် (အမျိုးသားဘောလုံး)

0

မော်ရိုကို(၄-ဝ)USA
ဂျပန်(ဝ-၃)စပိန်
အီဂျစ်(၁-၁)(၅-၄P)ပါရာဂွေး
ပြင်သစ်(၁-ဝ)အာဂျင်တီးနား
(ပါရီအိုလံပစ် အမျိုးသားဘောလုံးကွာတားဖိုင်နယ်ပွဲများ)

၂၀၂၄ ပါရီအိုလံပစ် (အမျိုးသားဘောလုံး)ပြိုင်ပွဲက ကွာတားဖိုင်နယ်ပွဲတွေ ကစားခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲတွေက အကြိတ်အနယ်ရှိပြီး ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်အဝပေးနိုင်ခဲ့သလို အိမ်ရှင်ပြင်သစ်နဲ့ အာဂျင်တီးနား အားပြိုင်မှုကလည်း ဗိုလ်လုပွဲတစ်ပွဲကို ကြည့်ရသလို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ပထမဆုံးကစားခဲ့တဲ့ မော်ရိုကို – အမေရိကန်ပွဲမှာ အသင်းနှစ်သင်းကြား ခြေစွမ်းကွာဟနေတဲ့အပြင် ပယ်နယ်တီတွေပေးခဲ့ရတာကြောင့် ခြေပြတ်၊ ဂိုးပြတ်ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန်(၂၉)မိနစ်မှာ မော်ရိုကိုက ပယ်နယ်တီကနေ အဖွင့်ဂိုးရခဲ့ပြီး၊ (၆၃)မိနစ်မှာ အခိုမက်၊ (၇၀)မိနစ်မှာ ဟာကီမီတို့က ထပ်သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီး (၉၀+၁)မိနစ်မှာ VAR ကြည့်ပြီး ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်နောက်ခံလူရဲ့လက်ထိဘောကနေ မော်ရိုကိုအသင်း ပယ်နယ်တီထပ်ရခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ မော်ရိုကိုအသင်း(၄-ဝ)ဂိုးအနိုင်နဲ့ ပြတ်သားတဲ့ရလဒ်ထွက်ခဲ့ပါတယ်။

နောက်ဆုံးကစားတဲ့(၈)ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ (၇)ပွဲအနိုင်ကစားခဲ့တဲ့ ဂျပန်အသင်းကတော့ စပိန်နဲ့ပွဲမှာ ဂိုးတွေပေးခဲ့ရပြီး (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အုပ်စုပွဲ(၃)ပွဲလုံးဂိုးမပေးခဲ့ရပေမယ့် ဒီပွဲမှာ စပိန်အသင်းရဲ့အဝေးကန်ချက်တွေကို မကာကွယ်နိုင်ခဲ့လို့ ဂိုးပြတ်ရှုံးခဲ့ရတာပါ။

ဘာစီလိုနာ ကစားသမား ဖာမင်လိုပက်ဇ်က ပွဲချိန်(၁၁)မိနစ်မှာ စပိန်အတွက် ပယ်နယ်တီစည်းအပြင်ကနေ အပြင်းကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန်(၄၀)မိနစ်လောက်မှာ ဂျပန်အသင်းသွင်းတဲ့ဂိုးကို VAR က လူကျွံဘောဆိုပြီး ပယ်ချခဲ့တာက ပွဲရဲ့အလှည့်အပြောင်းလိုဖြစ်သွားခဲ့ပါတယ်။ ပွဲချိန်(၇၃)မိနစ်မှာ ဖာမင်လိုပက်ဇ်ကပဲ ပယ်နယ်တီစည်းအပြင်ကနေ Volley Kick နဲ့ ဂျပန်ဂိုးသမားဖမ်းမမိနိုင်အောင် လှလှပပ ကန်သွင်းခဲ့ပါတယ်။ နောက်ဆုံးဂိုးကတော့ (၈၆)မိနစ်မှာ အေဘယ်လ်ရုဇ်က အနီးကပ် ပိတ်သွင်းခဲ့တာပါ။

အီဂျစ်-ပါရာဂွေးပွဲက အစောပိုင်းမှာ ငြိမ်သက်နေပေမယ့် ဒုတိယပိုင်းပြီးခါနီးမှာ ရင်ခုန်ဖို့ ကောင်းခဲ့ပါတယ်။ ပွဲချိန်(၇၁)မိနစ်မှာ ပါရာဂွေးက ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲပြီးခါနီး (၈၈)မိနစ်မှ အီဂျစ်က ပြန်ချေပနိုင်ခဲ့တာပါ။ အချိန်ပိုမှာ ဂိုးထပ်မရကြလို့ ပယ်နယ်တီကန်သွင်းကြပါတယ်။ ပါရာဂွေးဘက်က ပီရက်ဇ်တစ်ဦးတည်း ဂိုးမဝင်ခဲ့ဘဲ ကျန်ကစားသမားအားလုံး ဝင်အောင်ကန်သွင်းနိုင်ခဲ့ကြလို့ အီဂျစ်အသင်း ပယ်နယ်တီ(၅-၄)ဂိုးနဲ့ ဆီမီးကို တက်ခဲ့ပါတယ်။

နောက်ဆုံးပွဲဖြစ်တဲ့ ပြင်သစ်-အာဂျင်တီးနားပွဲက နှစ်ဘက်အသင်း ကွင်းပြင်ပဖြစ်ရပ်တွေကြောင့် ရန်စောင်နေတဲ့အခြေအနေတွေရှိပေမယ့် ပွဲချိန်အတွင်းတော့ ဘောလုံးကိုပဲ အာရုံစိုက်ကစားခဲ့ကြပါတယ်။ ပွဲအစ(၅)မိနစ်မှာကတည်းက ထောင့်ကန်ဘောက ဘောလုံးကို တိုက်စစ်မှူးမာတီတာက ခေါင်းတိုက်ပြီး ပြင်သစ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန်(၃၅)မိနစ်လောက်မှာ ပြင်သစ် ဂိုးရှေ့တည့်တည့်က ဘောလုံးကို အာဂျင်တီးနားတောင်ပံကစားသမားဆီမြွန်နီ ခေါင်းတိုက်ရာမှာ ဂိုးဘားတန်းပေါ်ကျော်တက်သွားတာက အာဂျင်တီးနားတို့အတွက် ကြေကွဲစရာဖြစ်ခဲ့ပါတယ်။

ပွဲပြီးခါနီးပွဲချိန်(၈၄)မိနစ်မှာ ပြင်သစ်အသင်း ဒုတိယဂိုးရပေမယ့် VAR က ကြားဝင်နှောင့်ယှက်ခဲ့တာကြောင့် ဒိုင်လူကြီးက ဂိုးကိုပယ်ချပြီး ပြစ်ဒဏ်ဘောသတ်မှတ်ခဲ့ပါတယ်။ ဒီဂိုး ပယ်ချမှုက ပြင်သစ်နည်းပြအဖွဲ့အတွက်ရော၊ ပရိသတ်တွေအတွက်ပါ သွေးဆူစရာဖြစ်ခဲ့ပြီး ပြင်သစ်နည်းပြအွန်နရီရဲ့ဒေါသပေါက်ကွဲမှုက ပွဲပြီးတဲ့အထိ မပြေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ နှစ်ဖက်ကစားသမားတွေ ကြိုတင်စီစဉ်ထားတဲ့အလား ချက်ချင်းရန်ပွဲဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူတွေက အဝတ်လဲခန်းထဲအထိ လိုက်လံဖြေရှင်းခဲ့ရပါတယ်။

ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ အီဂျစ်၊ စပိန်နဲ့ မော်ရိုကို ရင်ဆိုင်ရမှာဖြစ်လို့ ဥရောပ-အာဖရိက ယှဉ်ပြိုင်မှုကို တွေ့ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *