နောက်ဆုံးဆယ်စုနှစ်အတွင်း အပြောင်းအရွှေ့တွေက နေ ဝင်ငွေ ပေါင်တစ်ဘီလီယံကျော်ရရှိခဲ့တဲ့ ချယ်လ်ဆီး

0

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းပိုင်ရှင်သစ် တော့ဘိုလေးနဲ့ အပေါင်းပါတွေရဲ့လက်ထက်မှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ငွေကြေးပေါင်(ဘီလီယံချီသုံးစွဲထားသလို ကစားသမားတွေကို ပြန်လည်ရောင်းချမှုတွေကနေလည်း ငွေတွေအများအပြားရရှိနေပါတယ်။

နိုင်ငံတကာအားကစားမီဒီယာတွေမှာ ချယ်လ်ဆီးအသင်းရဲ့ငွေကြေးသုံးစွဲမှုတွေကိုသာ အဓိကဖော်ပြနေကြပြီး ကစားသမားရောင်းချမှုတွေကနေ ငွေတွေအများအပြားရနေတာကိုတော့ ဖော်ပြတာ ရှားပါးပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ငွေကြေးသုံးစွဲမှုတွေအများအပြားရှိတာမှန်ပေမယ့် အသင်းဘဏ်စာရင်းထဲကို ပြန်ဝင်လာတဲ့ငွေတွေလည်း မနည်းမနောရှိနေတာကြောင့် ပရိသတ်တွေ တွေးထင်ထားသလောက် ဆုံးရှုံးမှုမများဘူးလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကစားသမားရောင်းချမှုတွေကနေ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရရှိတဲ့ဝင်ငွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းက ပေါင်(၁.၁၅)ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း ကစားသမားတွေရောင်းချရာကနေ ပေါင်(၁)ဘီလီယံကျော်ပြန်လည်ရရှိတာ ချယ်လ်ဆီးအသင်းတစ်သင်းပဲရှိပါတယ်။ မန်စီးတီးအသင်းက ပေါင်(၈၅၀)သန်း၊ လီဗာပူးလ်အသင်းက ပေါင်(၅၈၆.၇)သန်း၊ အဲဗာတန်အသင်းက ပေါင်(၅၄၇.၁)သန်း၊ လက်စတာအသင်းက ပေါင်(၅၀၅.၉)သန်းရရှိပြီး (အပြောင်းအရွှေ့တွေကနေ) ဝင်ငွေအများဆုံးပြန်ရတဲ့ အသင်းတွေအဖြစ်ရပ်တည်နေပါတယ်။

ဒီ ဆယ်နှစ်အတွင်း ကစားသမားခေါ်ယူမှုတွေအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁.၅၃)ဘီလီယံအထိ သုံးစွဲခဲ့တဲ့ မန်ယူနိုက်တက်အသင်းကတော့ ဝင်ငွေအများဆုံးပြန်ရတဲ့ ထိပ်ဆုံး(၅)သင်းစာရင်းထဲ မဝင်နိုင်တာကိုလည်း တွေ့ရမှာပါ။

ချယ်လ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကစားသမားခေါ်ယူမှုတွေအတွက် သုံးစွဲငွေက ပေါင်(၂.၀၂)ဘီလီယံရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *