စီးရီးအေ + လာလီဂါ + ပြင်သစ်လီဂူး သုံးစွဲငွေ စုစုပေါင်းထက် ပိုသုံးထားတဲ့ ပရီးမီးယားလိဂ်

0

ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ပြောင်းရွှေ့ကြေးသုံးစွဲမှု စုစုပေါင်းက ယူရို(၁.၂၁)ဘီလီယံ(ယူရို ၁၂၁၀ သန်း)အထိရှိနေပါတယ်။

ဒါက ပြီးခဲ့တဲ့သြဂုတ်(၂)ရက်နေ့အထိ သုံးစွဲငွေပမာဏဖြစ်ပြီး ဒီပမာဏက အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လိဂ်ပြိုင်ပွဲတွေက ကလပ်အသင်းတွေအားလုံး သုံးစွဲထားတဲ့ပြောင်းရွှေ့ကြေး စုစုပေါင်းထက် ပိုများနေပါတယ်။

လက်ရှိအချိန်အထိ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် စီးရီးအေက ယူရို(၅၈၈)သန်း၊ လာလီဂါက ယူရို(၂၂၃)သန်း၊ ပြင်သစ်လိဂ်က ယူရို(၃၅၁)သန်းသုံးစွဲထားတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ(၃)ရပ်ပေါင်းက ကလပ်အသင်းတွေရဲ့ ကစားသမားသစ်ခေါ်ယူမှုအတွက် အသုံးစရိတ်တွေ အားလုံးပေါင်းရင် ယူရို(၁၁၆၂)သန်းရှိတာကြောင့် ပရီးမီးယားလိဂ်တစ်ခုတည်းရဲ့သုံးစွဲငွေ(ယူရို ၁၂၁၀ သန်း)ထက် ပိုနည်းပါးနေပါတယ်။ ကျန် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဘွန်ဒက်စ်လီဂါကတော့ ပြောင်းရွှေ့ကြေး ယူရို(၄၁၁)သန်း သုံးစွဲထားပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ဝင်ငွေ/ထွက်ငွေ အချိုးမညီမှုတွေကြောင့် အရှုံးပြတာသတ်မှတ်ချက်ထက်ကျော်လွန်ရင် အဲဗာတန်၊ နော်တင်ဂမ်ဖောရက်စ်အသင်းတွေ ရင်ဆိုင်ခဲ့ရသလို ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရမယ့် အန္တရာယ်ရှိနေတယ်ဆိုပေမယ့် ကစားသမားသစ်ခေါ်ယူမှုအတွက် အစဉ်အလာမပြတ် သုံးစွဲမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ငွေကြေးအများဆုံးသုံးစွဲထားတဲ့အသင်းက ဗီလာအသင်းဖြစ်ပြီး အသားတင်သုံးစွဲမှု ယူရို(၁၇၆.၂)သန်းအထိ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *