နေမာရဲ့ စံချိန်ထက် ဂျော်အိုဖီးလစ်ရဲ့ ကြေးကိုတောင် ကျော်ဖြတ်ဖို့ခက်လာတဲ့ ယနေ့ခေတ် အပြောင်းအရွှေ့ဈေးကွက်

0

လက်ရှိကမ္ဘာ့စံချိန်တင်ထားတဲ့ အပြောင်းအရွှေ့က ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ PSG အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာရဲ့အပြောင်းအရွှေ့ပါ။

(၇)နှစ်ကြာလာတဲ့တိုင် နေမာရဲ့အပြောင်းအရွှေ့စံချိန်ကို နောက်ပိုင်းဘယ်ကစားသမားကမှ မရိုက်ချိုးနိုင်ခဲ့သလို နောက်ပိုင်းဘောလုံးလောကမှာ တင်းကျပ်လာတဲ့ စည်းမျဉ်းတွေကြောင့် နေမာထက် လွန်ခဲ့တဲ့(၅)နှစ်က ပေါ်တူဂီတိုက်စစ်မှူးဂျော်အိုဖီးလစ်ရဲ့စံချိန်ကို ကျော်ဖြတ်ဖို့တောင် ခက်ခဲလာတာကို တွေ့ရမှာပါ။

၂၀၁၉ နွေရာသီမှာ ဘင်ဖီကာကနေ စပိန်ကလပ်အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့စဉ်က ဂျော်အိုဖီးလစ်ရဲ့ပြောင်းရွှေ့ကြေးဟာ ယူရို(၁၂၇)သန်းရှိခဲ့ပြီး အခုအချိန်အထိ ဒီကြေးကို ကျော်ဖြတ်နိုင်တဲ့ အပြောင်းအရွှေ့တောင် မရှိခဲ့တာပါ။

ဒီအပြောင်းအရွှေ့နောက်ပိုင်း ဒီနွေရာသီအထိ (၅)ရာသီမှာ ရာသီအလိုက် စံချိန်တင်ခဲ့တဲ့အပြောင်းအရွှေ့တွေကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေကသာ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီမှာ လေဗာကူဆင်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ ဂျာမန်တိုက်စစ်မှူးကိုင်ဟာဗက်ဇ်(ယူရို ၈၀ သန်း)၊ ၂၀၂၁-၂၂ ရာသီမှာ ဗီလာအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဂရီးလစ်ရှ်(ယူရို ၁၁၈ သန်း)၊ ၂၀၂၂-၂၃ ရာသီမှာ ဘင်ဖီကာအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်(ယူရို ၁၂၁ သန်း)၊ ၂၀၂၃-၂၄ ရာသီမှာ ဝက်စ်ဟမ်းအသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူဒက်ကလန်ရိုက်စ်(ယူရို ၁၁၇ သန်း)အစရှိသူတို့ အနေနဲ့ သက်ဆိုင်ရာ ရာသီတွေမှာ တစ်ရာသီအတွင်း အမြင့်ဆုံးပြောင်းရွှေ့ကြေးစံချိန်တင်ခဲ့ကြပေမယ့် ၂၀၁၉ နွေရာသီက ဂျော်အိုဖီးလစ်ရဲ့ပြောင်းရွှေ့ကြေးကို လိုက်မမီခဲ့ဘဲ ရှိခဲ့ပါတယ်။

ဒီရာသီမှာလည်း လက်ရှိအချိန်အထိ ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားတာက လိုင်လီအသင်းကနေ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ်နောက်ခံလူ ယိုရိုရဲ့ပြောင်းရွှေ့ကြေးယူရို (၆၂)သန်းဖြစ်ပြီး ဂျော်အိုဖီးလစ်ရဲ့ပြောင်းရွှေ့ကြေးတစ်ဝက်တောင် မရှိတာတွေ့ရမှာပါ။

ဒါကြောင့် ဘဏ္ဍာရေးဆိုင်ရာထိန်းချုပ်မှုတွေနဲ့အတူစည်းမျဉ်းစည်းကမ်းတွေ ပိုမိုတင်းကျပ်လာတဲ့ ဘောလုံးလောကမှာ အပြောင်းအရွှေ့စံချိန်ရှင် နေမာရဲ့ပြောင်းရွှေ့ကြေးယူရို(၂၂၂)သန်းကို ရိုက်ချိုးဖို့နေနေသာသာ လွန်ခဲ့တဲ့ (၅)နှစ်က ဂျော်အိုဖီးလစ်ရဲ့ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်နိုင်တဲ့ အပြောင်းအရွှေ့တွေ့မြင်ဖို့တောင် ခက်ခဲနေပြီလို့ ဆိုရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *