အောင်မြင်တဲ့ ကစားသမားဘဝနဲ့ အဆိုတော်ဘဝကို အမာဒူအိုနာနာ တပြိုင်တည်း ပိုင်ဆိုင်ခွင့်ရမလား

0

နာမည်ကျော်ဒတ်ချ်ကစားသမားဖြစ်တဲ့ ရုဒ်ဂူးလစ်က ‘Not the Dancing Kind’ ဆိုတဲ့ သီချင်းကို သီဆိုခဲ့ဖူးပြီး ဒီသီချင်းက နယ်သာလန်ဂီတလောကမှာ ၁၉၈၄ ခုနှစ်က Top Ten စာရင်းဝင်ဖူးပါတယ်။

နာမည်ကျော် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ပေါလ်ဂတ်စ်ကွိုင်နီကလည်း ‘Fog on the Tyne’ ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပြီး ဒီသီချင်းကလည်း အင်္ဂလန်ဂီတလောကမှာ ၁၉၉၀ ​ကျော်ခုနှစ်တွေအတွင်း နာမည်ကြီးခဲ့ပါတယ်။

ဒါပေမယ့် သူတို့တွေအနေနဲ့ နာမည်ကျော်ဘောလုံးသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး နာမည်ကျော် ဂီတသမား(တစ်နည်းပြောရရင်)အဆိုတော်တစ်ဦးဘဝကိုတော့ မပိုင်ဆိုင်ခဲ့ပါဘူး။

အခု အက်စတွန်ဗီလာအသင်းရဲ့ဘယ်လ်ဂျီယံကွင်းလယ်လူ အမာဒူအိုနာနာက သူ့ရဲ့ပထမဆုံးသီချင်းဖြစ်တဲ့ “Check On Me”လို့ အမည်ရတဲ့သီချင်းကို ပရိသတ်တွေဆီ အွန်လိုင်း Streaming Platform တွေကနေတစ်ဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။

ရက်ပ်ဂီတကို ရူးသွပ်တဲ့ ဆီနီဂေါနိုင်ငံဖွား ဘယ်လ်ဂျီယံကစားသမား အိုနာနာက သူ့ရဲ့ဂီတအနုပညာသည်ဘ၀ ခြေလှမ်းအစကို စတင်လိုက်တာ ဖြစ်ပါတယ်။

အိုနာနာက ဒီနွေရာသီမှာ အဲဗာတန်အသင်းကနေ ဗီလာအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

သူ့ရဲ့အနုပညာနာမည်ကို 24AM လို့ အမည်ပေးထားပါတယ်။ 24AM ဆိုတာ သူ့ရဲ့ ကျောနံပါတ်နဲ့ နာမည်အစ စာလုံး(၂)လုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက အဲဗာတန်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့အပြင် ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ပရိသတ်တွေ မျက်စိကျအောင် ကစားနိုင်ခဲ့လို့ ဗီလာအသင်းက သူ့ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူခဲ့တာပါ။

မန်ယူနိုက်တက် ဂိုးသမားအိုနာနာနဲ့ မှားယွင်းမေးမြန်းခံခဲ့ရလို့ ဒေါသထွက်ခဲ့ဖူးတဲ့ အိုနာနာအနေနဲ့ အောင်မြင်တဲ့ ဘောလုံးသမားဘဝကိုရော၊ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဘဝကိုပါ ပိုင်ဆိုင်နိုင်မလားဆိုတာတော့ ကြည့်ရမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *