ပုခက်လွှဲတဲ့လက်တွေ မခက်ခဲမကြပ်တည်းစေဖို့ အေစီမီလန်အသင်းရဲ့ အစီအမံများ

0

“ပုခက်လွှဲတဲ့လက်သည် ကမ္ဘာကိုအုပ်စိုးနိုင်သည်”လို့ ပြောစမှတ်ရှိကြပါတယ်။

လင်ယူ သားမွေးပြီးရင် အမျိုးသမီးတစ်ယောက်ရဲ့ တာဝန်က အိမ်ထောင်ရေးကိစ္စရပ်တွေမှာ နစ်မွန်းဖို့ မလိုပါဘူး။

မိမိတို့ရဲ့ မူလ ပရော်ဖက်ရှင်နယ်အလုပ်တွေကို ဆက်လုပ်ခွင့်ရှိသင့်ပါတယ်။

ဒီလို​ဆက်လုပ်လို့ရအောင် အီတလီကလပ် အေစီမီလန်အသင်းက အထူးအစီအစဥ်တစ်ရပ် စီစဥ်ထားပါတယ်။

အေစီမီလန် အမျိုးသမီးအသင်းက ကစားသမားတွေ/အမျိုးသမီးနည်းပြတွေနဲ့ အမျိုးသမီးဝန်ထမ်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရင် အထူးခံစားခွင့်ပေးမှာ ဖြစ်ကြောင်း အေစီမီလန်အသင်းတာဝန်ရှိသူတွေကအသိပေးကြေညာခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ကစားသမားတွေ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း စာချုပ်သက်တမ်းကုန်ဆုံးရင် အသင်းက လမ်းခွဲမှာမဟုတ်ဘဲ လက်ရှိသဘောတူမှုတွေအတိုင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ကို အလိုအလျောက်ချုပ်ဆိုခွင့်ရရှိမှာဖြစ်ပါတယ်။

ကလေးမွေးဖွားပြီးနောက်ပိုင်း အသင်းမှာ ပြန်ကစား/ပြန်တာဝန်ထမ်းဆောင်ရင်လည်း အားကစားအလုပ်တွေကို လွတ်လွတ်လပ်လပ်လုပ်နိုင်အောင် ကလေးကို တာဝန်ယူစောင့်ရှောက်ပေးထားမှာပါ။

ဒါ့အပြင် အားကစားကိစ္စရပ်တွေအတွက် ခရီးသွားလာတဲ့အခါတိုင်း ကလေးအတွက်ရော၊ ဖခင်(သို့မဟုတ်) နောက်ထပ်အဖော်တစ်ဦးအတွက်ပါ လေယာဉ်လက်မှတ်ခ၊ ခရီးသွားလာမှုကုန်ကျစရိတ်၊ နေထိုင်စားသောက်စရိတ်တွေပါ ကျခံပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် စာနာ နားလည်ပြီး ဒီလိုစီစဥ်ပေးမယ့် အစီအစဉ်အတွက် အေစီမီလန်အသင်းကို ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *