အက်စ်ပန်ညိုအသင်းပိုင်ရှင်ဖြစ်အောင်လုပ်ပြီး နည်းပြအဖွဲ့ကို ဘရက်ဝိတ် လက်စားပြန်ချေနိုင်မလား

0

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဘရက်ဝိတ်ဟာ ဒီနွေရာသီမှာ စပိန်ကလပ် အက်စ်ပန်ညိုအသင်းကိုလမ်းခွဲခဲ့ပါတယ်။

ဘရက်ဝိတ်ဟာ ၂၀၂၂ နွေရာသီက ဘာစီလိုနာအသင်းက ထွက်ခွာပြီး မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းကို အံအားသင့်ဖွယ်ပြောင်းရွှေ့ခဲ့သူပါ။

အဲဒီအချိန်တုန်းက ဘာစီလိုနာအသင်းနဲ့ သူလမ်းခွဲခဲ့တာ ပရိသတ်တွေနဲ့ အဆင်မပြေတာကြောင့်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ကိုဗစ်ကာလအတွင်း ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ဘာစီလိုနာကစားသမားတွေက အသင်းဆီက လစာလျှော့ယူချိန်မှာ ဘရက်ဝိတ်က လျှော့ယူစရာမလိုဘူးဆိုပြီး အပြည့်တောင်းလို့ ဘာစီလိုနာပရိသတ်တွေက သူ့ကို ပြစ်တင်ခဲ့ကြပါတယ်။

ဘာစီလိုနာပရိသတ်တွေက အသင်းရဲ့ပွဲတွေမှာ လှောင်ပြောင်တာကို ခဲ့ရတဲ့ ဘရက်ဝိတ်ဟာ ၂၀၂၂ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲပြီး မြို့ခံပြိုင်ဘက် အက်စပန်ညိုကို ရောက်လာခဲ့တာပါ။

အခု အက်စပန်ညိုအသင်းနဲ့ လမ်းခွဲခဲ့ပြီး ရက်ပိုင်းမှာပဲ ဘရာဇီးလ်ကလပ်ဂရေမီယိုအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

အက်စ်ပန်ညိုအသင်းက ထွက်ခွာပြီး တစ်လတောင်မပြည့်သေးခင်မှာပဲ ဘရက်ဝိတ်ဟာ အသင်းဟောင်း အက်စ်ပန်ညိုကို ပြန်လည်ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုပြီး သတင်းတွေထွက်လာပါတယ်။

အက်စ်ပန်ညိုအသင်းကို ဘရက်ဝိတ်စွန့်ခွာခဲ့ရတဲ့အကြောင်းအရင်းမှာ အက်စ်ပန်ညိုအသင်းနည်းပြအဖွဲ့က သူ့အပေါ်ဆက်ဆံမှုဆိုးရွားတာကြောင့် ဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။

ဒါကြောင့် သူ့အနေနဲ့ အက်စ်ပန်ညိုအသင်းကို ဝယ်ယူပြီး နည်းပြအဖွဲ့တစ်ဖွဲ့လုံးကို ရာထူးကထုတ်ပယ်ခြင်းနဲ့ လက်စားချေနိုင်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ဘရက်ဝိတ်ဟာ အမေရိကန်က နာမည်ကျော်အိမ်ခြံမြေလုပ်ငန်းရှင် ဂျိမ်းစ်စမစ်ရဲ့တူတော်စပ်သူဖြစ်ပြီး အမေရိကန်၊ စပိန်နဲ့ ပြင်သစ်တို့မှာ စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်သူဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အန်နီလော်ရီလူးဝစ်နဲ့ လက်ထပ်ခဲ့ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ အမေရိကန်က သူ့ရဲ့အိမ်ခြံမြေလုပ်ငန်း ရှယ်ယာပိုင်ဆိုင်မှုတင် ယူရိုသန်း(၂၅၀)လောက်တန်ကြေးရှိပါတယ်။

ဒါကြောင့် ဘရက်ဝိတ်အနေနဲ့ အက်စ်ပန်ညိုအသင်းရဲ့ရှယ်ယာအများစုကို ဝယ်ယူဖို့ လုံလောက်တဲ့ ငွေကြေးအင်အားရှိတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ ဒါကြောင့် အက်စ်ပန်ညို အသင်းပိုင်ရှင်တစ်ဦးအဖြစ် ပြုလုပ်ပြီး သူ့အပေါ် ဆက်ဆံရေးဆိုးရွားခဲ့တဲ့ အက်စ်ပန်ညို နည်းပြအဖွဲ့ကို ဘရက်ဝိတ် တကယ်ပဲ လက်စားချေမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *