အင်္ကျီရင်ဘတ်ကိုသာမက အိုးလ်ထရက်ဖို့ဒ်အမည်ကိုပါ သိမ်းပိုက်တော့မယ့် Snapdragon

0

လာမယ့် (၂၀၂၄-၂၅)ရာသီကနေစတင်ပြီး မန်ယူနိုက်တက်အသင်းရဲ့အင်္ကျီရင်ဘတ်စပွန်ဆာကုမ္ပဏီဖြစ်လာတဲ့ Qualcomm နည်းပညာကုမ္ပဏီဟာ မန်ယူနိုက်တက်အသင်းရဲ့အိုးလ်ထရက်ဖို့ဒ်ကွင်းကို ကွင်းအမည်စပွန်ဆာယူသွားဖို့ ရည်ရွယ်နေပါတယ်။

Qualcomm နည်းပညာကုမ္ပဏီဟာ လက်ရှိ မန်ယူနိုက်တက်အသင်းရဲ့အင်္ကျီရင်ဘတ်မှာ သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ Snapdragon မိုက်ခရိုချစ်ပြားကို ကြေညာထားသလိုပဲ မန်ယူနိုက်တက်အသင်းရဲ့အိုးလ်ထရက်ဖို့ဒ်ကွင်းကိုလည်း Snapdragon ကွင်းအဖြစ်အမည်ပြောင်းလဲဖို့ ဆန္ဒရှိနေတာပါ။

ဒါပေမယ့် အခု အမည်ပြောင်းလဲမှာ မဟုတ်ဘဲ ပရိသတ်တစ်သိန်းကျော်ဆံ့ကွင်းအဖြစ် ပြောင်းလဲတည်ဆောက်ပြီးချိန်မှာ အမည်ပေးခွင့်စပွန်ဆာစာချုပ်ချုပ်သွားဖို့ ဆန္ဒရှိနေတာပါ။

မန်ယူအသင်းရဲ့ရှယ်ယာရှင်ဖြစ်လာတဲ့ ဗြိတိန်ဘီလျံနာသူဌေးဆာဂျင်ရက်ကလစ်ဖ်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ‘Wembley of the North’ (မြောက်ပိုင်းဝင်ဘယ်လေကွင်း)အဖြစ် ပေါင်(၂)ဘီလီယံခန့်သုံးစွဲပြီး အသစ်ပြန်လည်တည်ဆောက်သွားဖို့ စီစဉ်နေတာပါ။

မန်စီးတီးအသင်းရဲ့City of Manchester ကွင်းကို အီတီဟတ်ကွင်း၊ အာဆင်နယ်အသင်းရဲ့ အက်ရှ်ဘာတန်ကွင်းကို အမ်းမရိတ်စ်ကွင်းအစရှိတဲ့ စပွန်ဆာနာမည်တွေပေးထားသလိုပဲ မန်ယူနိုက်တက်အသင်းရဲ့အိုးလ်ထရက်ဖို့ဒ်ကွင်းကိုလည်း Snapdragon ကွင်းအဖြစ်အမည်ပြောင်းလဲဖို့ မက်မောလောက်ဖွယ် ငွေကြေးတစ်ရပ်နဲ့ ကမ်းလှမ်းသွားမှာပါ။

Qualcomm နည်းပညာကုမ္ပဏီဟာ လက်ရှိမှာ Snapdragon အမှတ်တံဆိပ်ကို အင်္ကျီရင်ဘတ်မှာဖော်ပြဖို့အတွက် မန်ယူနိုက်တက်အသင်းနဲ့ ပေါင်(၁၇၅)သန်းတန် (၃)နှစ်သက်တမ်းရှိ အင်္ကျီစပွန်ဆာ စာချုပ်ချုပ်ထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အမေရိကန်ခြေစမ်းခရီးစဉ်ထွက်ခွာရာမှာ မန်ယူနိုက်တက်(၃-၂)ဘက်တစ်ပွဲကို ဆန်ဒီယေဂိုမှာရှိတဲ့ Snapdragon ကွင်းမှာ ကစားခဲ့တာပါ။ ဒီကွင်းရဲ့မူလအမည်က Aztac ကွင်းဖြစ်ပြီး Qualcomm ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှာ အမည်စပွန်ဆာစာချုပ်ချုပ်ဆိုပြီး Snapdragon ကွင်းအဖြစ် အမည်ပေးခဲ့တာပါ။ အခု အိုးလ်ထရက်ဖို့ဒ်ကိုလည်း ကွင်းအမည်စပွန်ဆာယူသွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *