ဂျာမန် အကောင်းဆုံးကစားသမားဆုကို ထပ်မံဆွတ်ခူးခဲ့တဲ့ တိုနီကရုးစ်

0

၂၀၂၄ ခုနှစ်အတွက် ဂျာမန်အကောင်းဆုံးဘောလုံးသမားဆုကို ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်က ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။

တိုနီကရူးစ်ဟာ ဒီဆုကို ၂၀၁၈ ခုနှစ်က တစ်ကြိမ်ဆွတ်ခူးခဲ့ဖူးတာကြောင့် ဒီနှစ်မှာ ဒုတိယအကြိမ်ရရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ တိုနီကရူးစ်ဟာ ဘောလုံးကစားခြင်းကနေ အနားယူခဲ့ပြီး ကလပ်အသင်းကစားသမားဘဝကိုရော၊ လက်ရွေးစင်အသင်းကစားသမားဘဝကိုပါ စွန့်ခွာခဲ့တာဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်သာရှိသေးတဲ့ တိုနီကရူးစ်ဟာ ခြေစွမ်းအကောင်းဆုံးအနေအထားမှာပဲ ရှိနေသေးပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြကစားခဲ့သလို၊ သူ(၂)နှစ်ခန့်အနားယူခဲ့တဲ့ ဂျာမန်လက်ရွေးစင်အသင်းမှာ တစ်ကျော့ပြန်ကစားတော့လည်း အသင်းကို များစွာအကျိုးပြုကစားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ် ဂျာမန်အကောင်းဆုံးဘောလုံးသမားဆုအတွက် မဲပေးရွေးချယ်ရာမှာ အခြားဂျာမန်ကစားသမားတွေကို ကျော်ပြီး ထိပ်ဆုံးက မဲအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။

ဂျာမန်အကောင်းဆုံးဘောလုံးသမားဆုကို ၁၉၆၀ ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်နေတာဖြစ်ပြီး အရင်က အနောက်ဂျာမနီအကောင်းဆုံးဘောလုံးသမားဆု(West Germany Footballer of the Year)လို့ အမည်တွင်ခဲ့ပါတယ်။ ဘာလင်တံတိုင်းပြိုလဲပြီးနောက်ပိုင်း ၁၉၉၂ ခုနှစ်ကစပြီး ဂျာမန်အကောင်းဆုံးဘောလုံးသမားဆုအဖြစ် ပြောင်းလဲပြီး ဆက်လက်ချီးမြှင့်နေတာပါ။

အရင်က ဂျာမန်လူမျိုးဘောလုံးသမားတွေကိုသာ ချီးမြှင့်ခဲ့ပေမယ့် ၂၀၀၄ ခုနှစ်ကစပြီး ဂျာမန်မြေမှာ လာရောက်ကစားနေတဲ့ နိုင်ငံခြားသားကစားသမားတွေကိုလည်း ချီးမြှင့်ခဲ့ပါတယ်။

နောက်ဆုံး(၅)နှစ်အတွင်းဂျာမန်အကောင်းဆုံးဘောလုံးသမားဆုရရှိကြသူတွေကတော့ လီဝန်ဒေါ့စကီး (ဘိုင်ယန်မြူးနစ် – ၂၀၂၀/၂၀၂၁)၊ အန်ကွန်ကူ (လိုက်ပ်ဇစ်-၂၀၂၂)၊ ဂွန်ဒိုဂန် (ဘာစီလိုနာ-၂၀၂၃)၊ တိုနီခရူးစ် (ရီးရဲလ်မက်ဒရစ်-၂၀၂၄)တို့ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *