တစ်ပွဲကစား ဖလားတစ်လုံးရမယ့် အခွင့်အရေးနဲ့ ရီးရဲလ်ကစားသမားသစ် အမ်ဘတ်ပေ

0

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီက ပြင်သစ်တိုက်စစ်မှူးဘာပေကို ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ပွဲဦးထွက်ပွဲအဖြစ် ဥရောပစူပါဖလားပွဲမှာ စပြီး ကစားစေမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲဦးထွက်ပွဲမှာပဲ ဒီအသင်းနဲ့အတူ ဆုဖလားတစ်လုံး ပထမဆုံးကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေးရှိလာပါတယ်။

အန်ဆယ်လော့တီက Mundo Deportivo သတင်းစာနဲ့ တွေ့ဆုံရာမှာ”ဘာပေအနေနဲ့ ရီးရဲလ်ပွဲဦးထွက်အဖြစ် ဥရောပစူပါဖလားပွဲမှာ ကစားနိုင်ပါတယ်။ ဘယ်လင်ဂမ်နဲ့ အခြားကစားသမားတချို့လည်း ဒီပွဲမှာ ပါဝင်နိုင်ပါတယ်။ သူတို့ ဒီပွဲအတွက် ပြင်ဆင်နေကြပါတယ်။ သူတို့မှာ အစီအစဉ်ရှိပြီးသားပါ။ သူတို့ကစားပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခု သြဂုတ်(၁၄)ရက်နေ့မှာ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲကို ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ကစားရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစားခဲ့တဲ့ ဥရောပစူပါဖလားလုပွဲ(၆)ကြိမ်မှာ ၂၀၁၈ ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းတစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန်(၅)ကြိမ်မှာ ပြိုင်ဘက်တွေကို အနိုင်ရပြီး ဖလားရယူနိုင်ခဲ့ပါတယ်။

ဥရောပစူပါဖလားလုပွဲတွေမှာ ရလဒ်ကောင်းတဲ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အတ္တလန်တာအသင်းထက် အားသာချက်များစွာရှိနေလို့ ဒီဗိုလ်လုပွဲမှာ ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် တစ်ပွဲကစား ဖလားတစ်လုံးမှတ်တမ်းကို ရယူနိုင်ဖို့ အခွင့်အလမ်းများနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီဟာ လက်ရှိကစားနေတဲ့ နွေရာသီခြေစမ်းခရီးစဉ်မှာ ဘာပေကို လုံးဝထည့်သွင်းခြင်းမပြုဘဲ အနားပေးထားသလို၊ ယူရိုဗိုလ်လုပွဲကစားခဲ့ရတဲ့ အင်္ဂလန်အသင်းနဲ့ စပိန်အသင်းက ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ နောက်ခံလူ ကာဗာဟယ်လ်တို့ကိုလည်း အနားပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *