နာမည်စာလုံးပေါင်းအမှားနဲ့ တစ်သက်လုံးလူသိများခဲ့တဲ့ ကက်စီမီရို

0

မန်ယူနိုက်တက်အသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုက သူ့ရဲ့နာမည်အရင်းဟာ လက်ရှိအများဖော်ပြနေသလို CASEMIRO မဟုတ်ဘဲ CASIMIRO ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နာမည်မှာ စာလုံးပေါင်းမှားရေးထားတာကို အရင်က အမှုမဲ့အမှတ်မဲ့ထားခဲ့ရာကနေ နောက်ပိုင်း စာလုံးပေါင်းအမှားနဲ့ နာမည်က လူသိများပြီး ဒါကိုပဲ သုံးစွဲနေကြတယ်လို့ ကက်စီမီရိုက ဝန်ခံခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံတကာအားကစားဝက်ဘ်ဆိုက်တွေနဲ့ အားကစားသတင်းမီဒီယာတွေအားလုံးက ကက်စီမီရိုရဲ့နာမည်ကို CASEMIRO လို့သာ ဖော်ပြနေကြပြီး သူ့အနေနဲ့ အခုအချိန်မှ အရင်နာမည်စာလုံးပေါင်းအတိုင်း ပြန်ပြင်ဖို့ ခက်ခဲနေပြီဖြစ်ပါတယ်။

ကက်စီမီရိုဟာ ဒီနာမည်ကို မိခင်ရဲ့နာမည်ကနေ မျိုးရိုးနာမည်အဖြစ် ယူထားတာဖြစ်ပြီး မိခင်နာမည်မှာတော့ CASIMIRO လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

“ကျွန်တော့်နာမည်က ကားလို့စ်ဟင်းနရစ်ကေးကက်စီမီရိုပါ။ နာမည်မှာ ကက်စီမီရိုက “I”နဲ့ပေါင်းတာပါ။ CASEMIRO မဟုတ်ပါဘူး။ ဆော်ပေါ်လိုအသင်းမှာ ကစားနေတုန်း ပွဲတစ်ပွဲမှာ အသင်းက နာမည်မှားရေးတာ ကျွန်တော်မှတ်မိနေပါတယ်။ သူတို့က ကျွန်တော့်နာမည်ကို “E”နဲ့ ပေါင်းပြီး မှားရေးခဲ့ပါတယ်။ အဲဒီပွဲမှာ ကျွန်တော်က ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ အရာအားလုံးက အဆင်ပြေနေတော့ ဒီအမှားလောက်ကို ပြင်စရာမလိုပါဘူးလို့ ကျွန်တော်ပြောခဲ့မိတယ်”လို့ ကက်စီမီရိုက ဖွင့်ဟပြောကြားခဲ့ပါတယ်။

ကက်စီမီရိုဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဆော်ပေါ်လိုအသင်းမှာ ကစားခဲ့ပြီး အသက်(၂၁)နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်-B အသင်းကို ရောက်လာခဲ့သူပါ။ အဲဒီကမှ ပေါ်တိုအသင်းမှာ ၂၀၁၄-၁၅ ရာသီတစ်ရာသီ အငှားကစားခဲ့ရပြီး နောက်ပိုင်း ရီးရဲလ်ပြန်ရောက်ချိန်မှာ ကျော်ကြားတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့တာပါ။

မန်ယူနိုက်တက်အသင်းကို ၂၀၂၂ နွေရာသီမှာ ရောက်ရှိလာတဲ့ ကက်စီမီရိုဟာ ပရီးမီးယားလိဂ်မှာ လစာငွေဒုတိယအများဆုံးရကစားသမားအဖြစ် (ဒီဘရိုင်းနားနောက်မှာ) ရပ်တည်နေသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *