ဘာစီလိုနာအသင်းဖော်တွေအပေါ် အပြစ်တင်တဲ့စကား ပြိုင်ဘက်ကို ပြောမိလို့ ဝေဖန်ခံနေရတဲ့ ဂွန်ဒိုဂန်

0

ဘာစီလိုနာအသင်းရဲ့ဂျာမန်လက်ရွေးစင်ကွင်းလယ်လူဂွန်ဒိုဂန်ဟာ အမေရိကန်နိုင်ငံမှာ ကစားခဲ့တဲ့ ဘာစီလိုနာ(၂-၁)ရီးရဲလ်မက်ဒရစ်ခြေစမ်းပွဲအပြီးမှာ အသင်းဖော်ဘာစီလိုနာကစားသမားတွေကို ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့ပါတယ်။

ဒီပြစ်တင်တဲ့စကားကို ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားတစ်ဦးဆီကို ပြောဆိုခဲ့တာကြောင့် ဘာစီလိုနာပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ သူ့ကို ဝေဖန်နေကြကြောင်း သိရပါတယ်။

ဘာစီလိုနာ ကစားသမားတချို့ဟာ ဘောလုံးကို ဦးနှောက်သုံးမကစားဘူးလို့ ဂွန်ဒိုဂန်က ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာ ကစားခဲ့တဲ့ ဒီခြေစမ်းပွဲမှာအပြီးမှာ ဂွန်ဒိုဂန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့လူငယ်ကစားသမား ဂူလာတို့ စကားပြောတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဗီဒီယိုထဲက စကားသံတွေကို သေချာမကြားရပေမယ့် မီဒီယာတွေက ပါးစပ်လှုပ်တာကို ကြည့်ပြီး ဂွန်ဒိုဂန်ဟာ “သူတို့တွေ ဦးနှောက်ကို သုံးပြီးမကစားကြဘူး။ နောက်ဆုံး(၁၅)မိနစ်အတွင်း အပြောင်းအလဲတွေ ဖြစ်နိုင်ပေမယ့် မဖြစ်ခဲ့ဘူး”လို့ ပြောခဲ့ကြောင်းဖော်ပြခဲ့ကြပါတယ်။

ဂွန်ဒိုဂန်အနေနဲ့ အသင်းဖော်တွေကို ဝေဖန်ပြစ်တင်တဲ့စကားကို ခါးသီးတဲ့ပြိုင်ဘက်အသင်းရဲ့ကစားသမားတစ်ဦးကို ပြောခဲ့တာဖြစ်လို့ ဘာစီလိုနာပရိသတ်တွေက ဒီလို မပြောဆိုသင့်ဘူးလို့ ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပြုရေးသားနေကြပါတယ်။

ပါးစပ်စည်းမစောင့်ခဲ့တဲ့ ဂွန်ဒိုဂန်အနေနဲ့ ဘာစီလိုနာအသင်းဖော်တွေရဲ့အမျက်ဒေါသကို ခံရဦးမလားဆိုတာတော့ ကြည့်ရပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *