ဥရောပ(၂)သင်းကို အနိုင်ယူပြီး အမေရိကန်နဲ့ ဘရာဇီးလ်ဗိုလ်လုပွဲမှာ တွေ့မယ့် အိုလံပစ် (အမျိုးသမီး ဘောလုံး) ပြိုင်ပွဲ

0

အမေရိကန်(၁-ဝ)ဂျာမနီ
ဘရာဇီးလ်(၄-၂)စပိန်

(အိုလံပစ် အမျိုးသမီးဘောလုံးဆီမီးဖိုင်နယ်)

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးဆီမီးဖိုင်နယ်မှာ ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး အမေရိကန်အသင်းနဲ့ နာမည်ကြီးဘရာဇီးလ်အသင်းတို့က ဂျာမနီ၊ စပိန်အသင်းတို့ကို အသီးသီးအနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လာပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြင်သစ်နဲ့စပိန် ဥရောပအသင်းနှစ်သင်း All European Final ကို ဖန်တီးခဲ့ချိန်မှာ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့ ဂျာမနီနဲ့ စပိန်တို့ All European Final ကို မဖန်တီးနိုင်ဘဲ အမေရိကန်နဲ့ ဘရာဇီးလ် တောင်/မြောက်အမေရိကန်(၂)သင်းက All Americas Final ကို ဖန်တီးခဲ့တာပါ။

အမေရိကန်အသင်းအနေနဲ့ ဂျာမနီအသင်းကို လွယ်လွယ်နဲ့ အနိုင်ရခဲ့တာမဟုတ်ဘဲ ပုံမှန်ပွဲချိန်မှာ ဂိုးမရှိသရေကျခဲ့ပြီး အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဘရာဇီးလ်အသင်းကတော့ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ စပိန်အသင်းကို သိပ်အခက်အခဲမရှိခဲ့ဘဲ ပထမပိုင်းမှာ (၂)ဂိုး၊ ဒုတိယပိုင်းမှာ (၂)ဂိုးသွင်းခဲ့ပြီး စပိန်အသင်းအနေနဲ့ ပွဲပြီးခါနီးမှ နောက်ကျချေပဂိုး(၂)ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်အမျိုးသမီးအသင်းအနေနဲ့ ကမ္ဘာ့ဖလားနဲ့ အိုလံပစ်​ချန်ပီယံဆု ဆက်တိုက်ရယူမယ့် အိပ်မက်ပျက်ခဲ့ရပါတယ်။

အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အမေရိကန်အသင်းအနေနဲ့ ချန်ပီယံဆု(၄)ကြိမ်(၁၉၉၆၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂) ဆွတ်ခူးထားပြီး ဘရာဇီးလ်အမျိုးသမီးအသင်းကတော့ နာမည်ကြီးထမင်းငတ်ဆိုသလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာရော အိုလံပစ်ပြိုင်ပွဲမှာပါ အခုအချိန်အထိ ချန်ပီယံဆုနဲ့ ဝေးကွာနေတာပါ။

ဘရာဇီးလ်အသင်းအနေနဲ့ အိုလံပစ်မှာ (၂)ကြိမ်သာ ဒုတိယရဖူးပြီး အဲဒီ(၂)ကြိမ်စလုံး(၂၀၀၄၊ ၂၀၀၈) အမေရိကန်အသင်းကို အရေးနိမ့်ခဲ့တာဖြစ်လို့ တတိယအကြိမ် ဗိုလ်လုပွဲတွေ့ဆုံမှုမှာ အရင် ရှုံးကြွေးတွေကို ဆပ်နိုင်မလား ကြည့်ရမှာပါ။

ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲကို စံချိန်တင်(၆)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခဲ့တဲ့ ဘရာဇီးလ်ဝါရင့်တိုက်စစ်မှူးမာတာရဲ့နောက်ဆုံးပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ နှုတ်ဆက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ အုပ်စုနောက်ဆုံး စပိန်နဲ့ပွဲမှာ အနီကတ်ပြခံရလို့ ကွာတား၊ ဆီမီး (၂)ပွဲပယ်ခံခဲ့ရတဲ့ မာတာဟာ ဗိုလ်လုပွဲမှာ ပြန်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *