ဂျီဘရော်တာကျွန်းလှုံ့ဆော်မှုအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ရိုဒရီနဲ့ မိုရာတာ

0

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ စပိန်ကွင်းလယ်လူရိုဒရီနဲ့ စပိန်အသင်းခေါင်းဆောင် မိုရာတာတို့ကို ဂျီဘရော်တာကျွန်းဆွယ်နဲ့ ပတ်သက်ပြီး စင်မြင့်ထက်ကနေ လှုံဆော်မှုတွေအတွက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ(၁၅)ရက်နေ့က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့အတွင်း Plaza de Cibeles ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ယူရို-၂၀၂၄ ချန်ပီယံအောင်ပွဲခံအခမ်းအနားမှာ ရိုဒရီနဲ့ မိုရာတာတို့က ဂျီဘရော်တာဟာ စပိန်ပိုင် ဖြစ်တယ်ဆိုပြီး ပရိသတ်တွေရှေ့မှာ အော်ဟစ်လှုံဆော်ခဲ့ကြတာပါ။

ယူရိုချန်ပီယံဆုရယူပြီး ဂျာမနီနိုင်ငံကနေ ပြန်လာတဲ့ စပိန်အသင်းက Plaza de Cibeles ရင်ပြင်မှာ စပိန်ပရိသတ်တွေနဲ့အတူ အောင်ပွဲခံအခမ်းအနားကျင်းပချိန်မှာ ရိုဒရီက စင်မြင့်ထက်မှာ မိုက်ကရိုဖုန်းကို ကိုင်ပြီး “Gibraltar es español” (ဂျီဘရော်တာဟာ စပိန်ဖြစ်တယ်)လို့ အော်ခဲ့တာပါ။ မိုရာတာကလည်း ပရိသတ်တွေကို “ခင်ဗျားတို့အားလုံးကို ကျွန်တော် ဒီနေရာကနေ သတိပေးချင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီမှာ ခက်ခဲတဲ့အချိန်တွေရှိခဲ့တယ်။ တကယ်တော့ ဂျီဘရော်တာက စပိန်တို့ရဲ့အပိုင်ပဲ”လို့ ပြောခဲ့ပါတယ်။

ဂျီဘရော်တာဆိုတာ စပိန်နိုင်ငံတောင်ပိုင်းမှာ မြေထဲပင်လယ်ထဲကို ထွက်နေတဲ့ ကျွန်းဆွယ်အငူအစွန်းလေးပါ။ ၁၇၁၃ ခုနှစ်မှာ အင်္ဂလိပ်တို့ကို စစ်ရှုံးခဲ့တဲ့ စပိန်တို့က အူထရက်ချ်စာချုပ်အရ ဒီနယ်မြေအစိတ်အပိုင်းကို အင်္ဂလိပ်တို့ဆီ ပေးခဲ့ရတာပါ။ (၂.၆)စတုရန်းမိုင်လောက်သာ ကျယ်ဝန်းပြီး လူဦးရေ (၃၅၀၀၀)လောက်သာနေထိုင်တဲ့ဂျီဘရော်တာဟာ သာယာလှပတဲ့ ကျွန်းဆွယ်လေးတစ်ခုဖြစ်ပါတယ်။

ရိုဒရီနဲ့ မိုရာတာတို့ရဲ့လုပ်ရပ်အတွက် ဂျီဘရော်တာဘောလုံးအဖွဲ့ချုပ်က UEFA ကို တိုင်ကြားခဲ့ပြီး UEFAက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် အခုလိုနှစ်ဦးစလုံးကို နိုင်ငံတကာပွဲ တစ်ပွဲပယ်တဲ့ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ စပိန်အသင်းဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ UEFA Nations League ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး ဒီပွဲမှာ ရိုဒရီနဲ့ မိုရာတာတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းနဲ့အတူ ကစားခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *