ဘာသာရေး အဓိကရုဏ်းတွေရှိနေပေမယ့် ပုံမှန်အတိုင်းစတင်သွားမယ့် အင်္ဂလန်ဘောလုံးလိဂ်

0

အင်္ဂလန်နိုင်ငံရဲ့မြို့ကြီးအတော်များများမှာ ဘာသာရေးအဓိကရုဏ်းတွေရှိနေပေမယ့် အခုတစ်ပတ်စတင်မယ့် အင်္ဂလန်ချန်ပီယံရှစ်ပွဲတွေကို ရွှေ့ဆိုင်းမှာ မဟုတ်ကြောင်း သိရပါတယ်။

အခုလာမယ့် သြဂုတ်(၉)ရက်နေ့ကစပြီး အင်္ဂလန်နိုင်ငံမှာ ချန်ပီယံရှစ်ပြိုင်ပွဲသာမက League One ၊ League Two အစရှိတဲ့ အောက်တန်းလိဂ်ပြိုင်ပွဲတွေကိုလည်း စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံတစ်ဝန်းမှာ ဆောက်ပို့တ်ဓားထိုးမှုဖြစ်ရပ်ကို မကျေနပ်တာကြောင့် လက်ယာစွန်းရောက်သူတွေက ဘာသာရေးအဓိကရုဏ်းတွေကိုဖန်တီးပြီး ဆူပူအုံကြွမှုတွေကို ဖန်တီးနေပါတယ်။

ရိုသာဟမ်၊ ပလိုင်မောက်၊ နော်တင်ဂမ်၊ ဘဲလ်ဖတ်စ်၊ ဘာမင်ဂမ်အစရှိတဲ့မြို့တွေမှာ ဆူပူအုံကြွမှုတွေက အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပြီး လက်ယာစွန်းရောက်တွေနဲ့ ပြန်လည်တုံ့ပြန်သူတွေကြား ဖြစ်ပွားတဲ့ ရန်ပွဲတွေကြောင့် ဝရုန်းသုန်းကားအခြေအနေတွေနဲ့ လုံခြုံစိတ်ချမှု ကင်းမဲ့တဲ့အနေအထားကို ရောက်နေပါတယ်။

ဒါကြောင့် အခုတစ်ပတ်အင်္ဂလန်မှာ စတင်မယ့်ဘောလုံးပွဲတွေကို ပုံမှန်အတိုင်းစတင်နိုင်ဖို့ ခက်ခဲပြီး ရွှေ့ဆိုင်းရလိမ့်မယ်လို့ ဆိုရှယ်မီဒီယာမှာ သုံးသပ်ရေးသားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ်(EFL)ကတော့ လိဂ်ချန်ပီယံရှစ်အပါအဝင် အင်္ဂလန်ပြည်တွင်းလိဂ်ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အခုတစ်ပတ်မှာ ပရီးမီးယားလိဂ်ရာသီအကြိုပွဲအဖြစ် ကွန်မြူနတီးဒိုင်းပွဲကိုလည်း ကစားသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ FA ဖလားချန်ပီယံ မန်ယူနိုက်တက်အသင်းတို့ လာမယ့် သြဂုတ်(၁၀)ရက်နေ့မှာ လန်ဒန်မြို့က ဝင်ဘလေကွင်းအတွင်း ရင်ဆိုင်ကစားကြမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *