ယာဉ်တိုက်ပြီး ထွက်ပြေးမှုသံသယနဲ့ ဂျာမန်ရဲတွေ စုံစမ်းစစ်ဆေးတာခံနေရတဲ့ မန်ယူနိုက်တက် ပစ်မှတ် ဒီလစ်

0

မန်ယူနိုက်တက်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ဟာ ယာဉ်တိုက်ပြီးထွက်ပြေးမှုသံသယနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိ ဒီလစ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့အပြင်းအထန်ချိတ်ဆက်ခံနေရပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့တောင်ကိုရီးယားရာသီကြိုခြေစမ်းခရီးစဉ်မှာ ချန်လှပ်ခံခဲ့ရတာပါ။

ဒီလစ်ဟာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့Sabener Strasse လေ့ကျင့်ရေးကွင်းအနီးမှာ ရပ်ထားတဲ့ ကားကိုဝင်တိုက်ကာ အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်ဆိုပြီး ဂျာမန်ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတာဖြစ်ပါတယ်။ Bild က ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ဒီလစ်ဟာ သူ့ရဲ့ပေါင်(၆၃,၀၀၀) တန်ကြေးရှိ Audi Q8 e-tron ထဲမှာ ရှိနေတယ်လို့ ဖော်ပြထားတာပါ။

ဒီလစ်ဟာ ယာဉ်တိုက်အပြီးမှာ ထွက်ခွာသွားခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲတပ်ဖွဲ့တွေက သူ့ရဲ့ကားကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီလစ်အနေနဲ့ ဒီဖြစ်ရပ်မှာ အပြစ်ရှိကြောင်းတွေ့ရမယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ကျခံရနိုင်ပေမယ့် ဒဏ်ကြေးငွေချမှတ်ခံရဖို့က ပိုပြီးများတာပါ။ အဲ့ဒါကြောင့် ဒီလစ်အနေနဲ့ အပြစ်ရှိကြောင်းတွေ့ရရင် ဒဏ်ကြေးငွေသာ ချမှတ်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နောက်ခံလူသစ် ယိုရိုက ဒဏ်ရာကြောင့်(၃)လကြာအနားယူရမှာဖြစ်လို့ နောက်ခံလူရှာဖွေနေပြီး ဒီလစ်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှုမရရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်သေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *