ခါးပိုက်နှိုက်တွေကို အသင်းညစာစားပွဲဆီ ဖိတ်ခေါ်ပြီး ကစားသမားတွေကို သင်ခန်းစာပေးခဲ့တဲ့ အာတီတာ

0

အာဆင်နယ်အသင်းရဲ့စပိန်လူမျိုးနည်းပြအာတီတာဟာ သူ့အသင်းက ကစားသမားတွေကို ကြံကြံဖန်ဖန် သင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။

အဲဒါကတော့ အသင်းကို ပရော်ဖက်ရှင်နယ်ကျကျ ခိုးယူနိုင်တဲ့ ခါးပိုက်နှိုက်အဖွဲ့တစ်ခုကို ဖိတ်ခေါ်ခဲ့ပြီး အာဆင်နယ်ကစားသမားတွေရဲ့အဖိုးတန်ပစ္စည်းတွေကို ခိုးယူစေခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ညစာစားပွဲတစ်ခုမှာ အာတီတာဖိတ်ခေါ်ထားတဲ့ ခါးပိုက်နှိုက်တွေက ကောင်းကောင်းလက်စွမ်းပြခဲ့ကြပြီး ကစားသမားတွေရဲ့ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေကို ခိုးယူခဲ့ပါတယ်။

အစားအသောက်စားပြီးချိန်မှ အာတီတာက မိမိတို့ရဲ့ပစ္စည်းတွေကို ပြန်စစ်ဆေးဖို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။ ဒီအချိန်မှာ ကစားသမားအတော်များများဆီက သူတို့ရဲ့ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေပျောက်ကုန်ပြီဆိုပြီး အသံထွက်လာပါတယ်။

အဲဒီအခါမှ အာတီတာက သတိဆိုတာ အမြဲမပြတ်ရှိနေသင့်တယ်ဆိုပြီး ကစားသမားတွေကို သင်ခန်းစာပေးခဲ့ပါတယ်။ အာတီတာရဲ့စတန့်ထွင်ပြီး ကစားသမားတွေကို သင်ခန်းစာပေးတဲ့လုပ်ရပ်ကို အာဆင်နယ်ပရိသတ်တချို့ကတော့ မနှစ်သက်ဘဲ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်ရေးသားမှုတွေရှိနေပါတယ်။

ပရီးမီးယားလိဂ်နည်းပြတချို့အနေနဲ့ အသင်းတွေကို အုပ်ချုပ်တဲ့အခါ ရံဖန်ရံခါအခုလိုပဲ အများမထင်ထားတဲ့ စတန့်ထွင်တဲ့လုပ်ရပ်တွေ ပါဝင်လာလေ့ရှိပါတယ်။

လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာဆိုရင် အသင်းလိုက်တွေ့ဆုံတဲ့ Meeting မှာ စာအိတ်(၃)အိတ်ယူလားပြီး အထဲမှာ သူ့ကို စိတ်ပျက်စေတဲ့(ခြေစွမ်းညံ့ဖျင်းတဲ့) ကစားသမား(၃)ဦးအမည်ရှိကြောင်းပြောကာ ဘယ်သူတွေဖြစ်မလဲဆိုတာ ကစားသမားအားလုံးကို ခန့်မှန်းစေခဲ့ပါတယ်။

အဲဒီတုန်းကလည်း ဘရန်ဒန်ရော်ဂျာရဲ့လုပ်ရပ်ဟာ အသင်းအတွင်း စည်းလုံးမှုပြိုကွဲစေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *