ဘရာဇီးလ်ကို အနိုင်ယူပြီး အိုလံပစ်အမျိုးသမီးဘောလုံးမှာ (၅)ကြိမ်မြောက်ချန်ပီယံဖြစ်တဲ့ အမေရိကန်

0

ဘရာဇီးလ်(ဝ-၁)အမေရိကန်
(အိုလံပစ်အမျိုးသမီးဘောလုံးဗိုလ်လုပွဲ)

အမျိုးသမီးဘောလုံးလောကမှာ နာမည်ကြီးသလောက်အောင်မြင်မှုမရတဲ့ ဘရာဇီးလ်အသင်းနဲ့ အအောင်မြင်ဆုံးအသင်းလို့ သတ်မှတ်နိုင်တဲ့ အမေရိကန်အသင်းတို့ ကစားကြတဲ့ အိုလံပစ်(အမျိုးသမီးဘောလုံး)ဗိုလ်လုပွဲမှာ အမေရိကန်အသင်းက တစ်လုံးတည်းသော ဂိုးနဲ့အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

အမေရိကန်အသင်းအနေနဲ့ အိုလံပစ်(အမျိုးသမီးဘောလုံး)ပြိုင်ပွဲမှာ (၅)ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ဝေးကွာနေတဲ့ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တာပါ။

အိုလံပစ်ပြိုင်ပွဲမှာ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၉၆ အတ္တလန်တာအိုလံပစ်ပြိုင်ပွဲက စပြီး ထည့်သွင်းကျင်းပခဲ့တာကြောင့် ပြိုင်ပွဲ(၈)ကြိမ်သာ ကျင်းပရသေးတာပါ။

အမေရိကန်အသင်းအနေနဲ့ ဒီပြိုင်ပွဲ(၈)ကြိမ်မှာ (၅)ကြိမ်ချန်ပီယံဖြစ်ခဲ့ပြီး ကျန်(၃)ကြိမ်မှာ ဂျာမနီ(၂၀၁၆)၊ ကနေဒါ(၂၀၂၀)၊ နော်ဝေ(၂၀၀၀)တို့က တစ်ကြိမ်စီချန်ပီယံဖြစ်ခဲ့ကြတာပါ။

ဒါကြောင့် အမေရိကန်အသင်းရဲ့အိုလံပစ်အောင်မြင်မှုက အခြားဘယ်အသင်းထက်မဆို များစွာသာလွန်နေပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံ(၄)ကြိမ်ဆွတ်ခူးထားပါတယ်။

ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆု(၆)ကြိမ်ရ မာတာ ကစားနေတဲ့ ဘရာဇီးလ်အသင်းက အိုလံပစ်မှာ ရွှေဆုမရဖူးဘဲ အမြင့်ဆုံး ဒုတိယနေရာသာ ရဖူးပါတယ်။ ဘရာဇီးလ်အသင်းအနေနဲ့ ၂၀၀၀၄ အေသင်၊ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲတွေမှာ အမေရိကန်အသင်းကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့သလို၊ အခုနှစ်ပြိုင်ပွဲမှာလည်း ရှုှုံးကြွေးမဆပ်နိုင်ဘဲ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *