ဗြိတိန်အဆိုတော် နိုဝဲလ်ဂယ်လက်ဂါရဲ့ လက်ရေးနဲ့ တွေ့ရမယ့် မန်စီးတီးအသင်း အင်္ကျီ ကျော်နံပါတ်နဲ့ အမည်များ

0

မနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် မန်စီးတီး(၁-၁)မန်ယူနိုက်တက်ပွဲမှာ မန်စီးတီးအသင်းအင်္ကျီနောက်ကျောက ကျောနံပါတ်တွေနဲ့ ကစားသမားနာမည်တွေက ပုံမှန်စာလုံးတွေ မဟုတ်ဘဲ ထူးခြားနေတာကို တွေ့ရပါလိမ့်မယ်။

အင်္ကျီကျောနံပါတ်နဲ့ နာမည်စာလုံး Font တွေက ကွန်ပြူတာ စာလုံး Font လိုမဟုတ်ဘဲ လက်ရေးနဲ့ရေးထားသလို ဖြစ်နေတာပါ။

အမှန်တကယ်လည်း ဒါက လက်နဲ့ရေးထားတဲ့ လက်ရေးစာလုံးတွေဖြစ်ပါတယ်။ လက်ရေးပိုင်ရှင်ကတော့ နာမည်ကျော် ဗြိတိန်အဆိုတော်နဲ့တေးရေးဆရာ နိုဝဲလ်ဂယ်လက်ဂါ(၅၇ နှစ်)ဖြစ်ပါတယ်။ တစ်ချိန်က ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ တေးဂီတဝိုင်းဖြစ်တဲ့ Oasis ရဲ့ပင်တိုင်အဆိုတော်နဲ့ ဂီတာတီးသူ ဂယ်လက်ဂါဟာ အင်္ဂလန်နိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံး တေးရေးဆရာလည်း ဖြစ်ပါတယ်။

နိုဝဲလ်ဂယ်လက်ဂါဟာ မန်စီးတီးအသင်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အသင်းရဲ့ပွဲတွေကို ကွင်းထဲမှာအမြဲလာကြည့်တတ်တဲ့သူဖြစ်သလို မန်စီးတီးအသင်းတာဝန်ရှိသူတွေ၊ မန်စီးတီးနည်းပြအဖွဲ့၊ မန်စီးတီးကစားသမားတွေနဲ့လည်း ရင်းနှီးသူပါ။

ဒါကြောင့် မန်စီးတီးအမာခံပရိသတ် နိုဝဲလ်ဂယ်လက်ဂါရဲ့လက်ရေးကိုယူပြီး ဒီရာသီ အသင်းရဲ့ဝတ်စုံတွေမှာရိုက်နှိပ်ထားတာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲက ဝတ်စုံတွေနဲ့ ပတ်သက်ရင် စည်းမျဉ်းစည်းကမ်းတွေတင်းကျပ်လွန်းတာကြောင့် ဒီလက်ရေး Font ကို အသုံးပြုလို့မရဘဲ ပုံမှန် Font နဲ့ အင်္ကျီတွေကိုသာ ဝတ်ဆင်ရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာကလွဲလို့ ချန်ပီယံလိဂ်အပါအဝင် ဖလားပြိုင်ပွဲတွေမှာ ဒီလက်ရေး Font ပါတဲ့အင်္ကျီတွေကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *