တတိယအကြိမ် ရမှတ်လျှော့ပြစ်ဒဏ်ကြောင့် ရာသီသစ်ကို အနုတ်ရမှတ်နဲ့ အဲဗာတန်အသင်း စတင်ရမလား

0

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲက ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း(PSR-Profitability and Sustainability Rules)ကို ချိုးဖောက်နိုင်ဖွယ်ရှိတဲ့ အနေအထားတွေထပ်မံတွေ့ရှိရတာကြောင့် ရမှတ်လျှော့ပြစ်ဒဏ်ထပ်မံကျခံရဖွယ်ရှိနေကြောင်း သတင်းတွေထွက်နေပါတယ်။

အဲဗာတန်အသင်းအနေနဲ့ သတ်မှတ်ထားတဲ့အရှုံးငွေပမာဏထက် ပေါင်(၆.၅)သန်းပိုများနေတဲ့ အနေအထားကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး စည်းမျဉ်းတွေအရ ရမှတ်လျှော့ပြစ်ဒဏ်ကို ထပ်မံရင်ဆိုင်ရဖွယ်ရှိနေတာပါ။

ဒါကြောင့် အဲဗာတန်အသင်းဟာ လာမယ့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အနုတ်ရမှတ်နဲ့ စတင်ရဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအတွင်းမှာလည်း အဲဗာတန်အသင်းဟာ PSR စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့ကြောင်းတွေ့ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်မှု(၂)ကြိမ်တိုင်ခံခဲ့ရပါတယ်။

ပထမတစ်ကြိမ်ပြစ်ဒဏ်မှာ (၁၀)မှတ်လျှော့ချခံရပြီး အယူခံဝင်ခဲ့ပြီးနောက် (၆)မှတ်လျှော့ပြစ်ဒဏ်အဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ထပ်မံစစ်ဆေးမှုတွေမှာ အဲဗာတန်အသင်းဟာ စည်းမျဉ်းနဲ့ မကိုက်ညီတာတွေ ထပ်မံတွေ့ရှိရတာကြောင့် နောက်ထပ် (၂)မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဒါကြောင့် ၂၀၂၃-၂၄ ရာသီအတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၁၃)ပွဲ၊ သရေပွဲ(၉)ပွဲကစားခဲ့တဲ့ အဲဗာတန်အသင်းအနေနဲ့ ရမှတ်(၄၈)မှတ်ရသင့်တဲ့အနေအထားကနေ ရမှတ်(၄၀)မှတ်သာရခဲ့ပြီး အဆင့်(၁၅)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *