ဆန်ခါတင်(၆)ဦးစီ ထုတ်ပြန်ခဲ့တဲ့ PFA ရဲ့ အကောင်းဆုံးဆုများ

0

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးဆုဆန်ခါတင်စာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။

PFA အကောင်းဆုံးကစားသမားဆု (Men’s Player of the Year)အတွက် ဆန်ခါတင်(၆)ဦးစာရင်းကို ဒီနေ့ထုတ်ပြန်ခဲ့ပြီး PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men’s Young Player of the Year)အတွက် ဆန်ခါတင်(၆)ဦးစာရင်းကို မနေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီဆု(၂)ခုအတွက် ဆန်ခါတင်စာရင်း(၂)ခုစလုံးမှာ ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါမားက ထူးထူးခြားခြားပါဝင်နေပြီး ဆုတစ်ခုအတွက် သေချာသလောက်ရှိနေပါတယ်။

PFA အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၆)ဦးက အောက်ပါအတိုင်းဖြစ်ပြီး မန်စီးတီးအသင်းနဲ့ရော စပိန်လက်ရွေးစင်အသင်းနဲ့ပါ ဆုဖလားတွေရရှိထားတဲ့ ကွင်းလယ်လူရိုဒရီက ဒီဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

■ ဖိုဒန်(မန်စီးတီး/အင်္ဂလန်)
■ ရိုဒရီ (မန်စီးတီး/စပိန်)
■ အော်ဒီဂါ (အာဆင်နယ်/နော်ဝေ)
■ ကိုးလ်ပါမား(ချယ်လ်ဆီး/အင်္ဂလန်)
■ ဟာလန်း (မန်စီးတီး/နော်ဝေ)
■ ဝက်ကင်စ် (ဗီလာ/အင်္ဂလန်)

PFA အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ခါတင်(၆)ဦးက အောက်ပါအတိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံအောင်မြင်မှုမရခဲ့ပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို ချယ်လ်ဆီးအသင်းမှာရော၊ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပြသနိုင်ခဲ့တဲ့ တောင်ပံကစားသမားကိုးလ်ပါမားက ဒီဆုအတွက် ရေပန်းစားနေပါတယ်။

■ ဂါနာချို(မန်ယူနိုက်တက်/အာဂျင်တီးနား)
■ မေနူး (မန်ယူနိုက်တက်/အင်္ဂလန်)
■ အိုလီဆေ (ဘိုင်ယန်မြူးနစ်/ပြင်သစ်)
■ ကိုးလ်ပါမား(ချယ်လ်ဆီး/အင်္ဂလန်)
■ ယာအိုပက်ဒရို (ဘရိုက်တန်/ဘရာဇီးလ်)
■ ဆာကာ (အာဆင်နယ်/အင်္ဂလန်)

PFA အနေနဲ့ အမျိုးသားကစားသမားတွေအတွက် PFA အကောင်းဆုံးကစားသမားဆု၊ PFA အကောင်းဆုံးလူငယ်ကစားသမားဆုတွေ ချီးမြှင့်မှာဖြစ်သလို အမျိုးသမီးကစားသမားတွေအတွက်လည်း PFA အကောင်းဆုံး(အမျိုးသမီး)ကစားသမားဆု၊ PFA အကောင်းဆုံး(အမျိုးသမီး)လူငယ်ကစားသမားဆုတွေ ချီးမြှင့်မှာဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်လိဂ်အတန်းအလိုက်အကောင်းဆုံးကစားသမားဆုတွေကိုလည်း ချီးမြှင့်မှာဖြစ်ပါတယ်။ ဒီဆုတွေအတွက်လည်း ဆန်ခါတင်စာရင်းတွေထုတ်ပြန်ခဲ့ပြီး ဆုတစ်ခုကို ဆန်ခါတင်ကစားသမား(၆)ဦးစီပါဝင်ပါတယ်။

ဒီနှစ်အတွက် ဆုပေးပွဲကို လာမယ့် သြဂုတ်(၂၀)ရက်နေ့ကျရင် မန်ချက်စတာမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *