ပရီးမီးယားလိဂ်ရာသီမစတင်မီ အသင်းလိုဂို အပြောင်းအလဲလုပ်ခဲ့တဲ့ လီဗာပူးလ်အသင်း

0

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ ရက်ပိုင်းအလိုမှာ သူတို့အသင်းရဲ့လိုဂိုအသစ်ကို နေရာအတော်များများမှာ ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အထူးသဖြင့် ပြောင်းလဲဖို့ခက်ခဲတဲ့ အသင်းအိမ်ကွင်း၊ လေ့ကျင့်ရေးကွင်းက လိုဂိုပုံနေရာတွေမှာ ပြောင်းလဲမှာ မဟုတ်ပေမယ့် ပြောင်းဖို့လွယ်ကူတဲ့ အွန်လိုင်း/ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ အပြောင်းအလဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း Facebook ၊ X ၊ Instagram အစရှိတဲ့ အသင်းရဲ့တရားဝင်ဆိုရှယ်မီဒီယာတွေမှာ ကလပ်အသင်းလိုဂိုကို Profile Picture ထားရှိရာမှာ အရင်လိုဂိုအဟောင်းအစား လိုဂိုအသစ်ကို ပြောင်းလဲအသုံးပြုထားပါတယ်။

လီဗာပူးလ်အသင်းရဲ့အရင်လိုဂိုမှာ အိမ်ကွင်းအန်ဖီးလ်ကွင်းရှေ့ဝင်ပေါက်ဖြစ်တဲ့ ရှန်ကလေဂိတ်ပေါက်ဝက တံခါးပုံ ပါဝင်ပြီး၊ အသင်းရဲ့ဆောင်ပုဒ်ဖြစ်တဲ့ You’ll Never Walk Alone စာသားပါဝင်ပါတယ်။

ဒါ့အပြင် ၁၉၈၉ ခုနှစ်က လီဗာပူးလ်ပရိသတ်(၉၆)ဦး သေဆုံးခဲ့တဲ့ ဟေးလ်ဘရော့ကွင်းဖြစ်ရပ်ဆိုးအတွက် ရည်ရွယ်ပြီး အမြဲထွန်းညှိထားတဲ့ ထာဝရမီးတောက်(၂)ခုလည်းပါဝင်ပါတယ်။

လိုဂိုထဲမှာ Livepool Football Club ဆိုတဲ့စာသားပါဝင်ပြီး အောက်ဘက်မှာ အသင်းတည်ထောင်တဲ့ခုနှစ်ဖြစ်တဲ့ 1892 ခုနှစ်ပါဝင်ပါတယ်။

အခု လိုဂိုအသစ်ကတော့ အလွန်ရှင်းလင်းပြီး အထက်ဖော်ပြပါအရာအားလုံးမပါဝင်ဘဲ လီဗာပူးလ်အမှတ်တံဆိပ် Liver Bird နဲ့ လီဗာပူးလ်အသင်းအမည်အတိုကောက် L.F.C စာလုံးတွေပဲ ပါဝင်ပါတယ်။

ဒီ လိုဂိုအသစ်ကို အွန်လိုင်းအပြင် ထောင့်ကန်ဘောအလံလို ပြောင်းလဲဖို့ လွယ်ကူတဲ့နေရာတွေမှာ ပြောင်းလဲအသုံးပြုသွားမှာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *