အန်ဇိုဖာနန်ဒက်ဇ် ချယ်လ်ဆီးအသင်းခေါင်းဆောင် လက်ပတ်ဝတ်ခဲ့ခြင်း နောက်ဆက်တွဲဂယက်များ

0

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားသွားခဲ့တာကို ပရိသတ်တချို့က ဒေါသထွက်ခဲ့ကြပါတယ်။

ချယ်လ်ဆီးနည်းပြအန်ဇိုမာရက်စကာက အန်ဇိုဖာနန်ဒက်ဇ်ကို ဒီလိုတာဝန်ပေးခဲ့ခြင်းအတွက် ဆိုရှယ်မီဒီယာမှာ ပရိသတ်တချို့က ဒေါသတကြီးဝေဖန်ရေးသားခဲ့ကြပါတယ်။

ဖာနန်ဒက်ဇ်ဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းက အသင်းဖော်တွေနဲ့အတူ ပြင်သစ်လက်ရွေးစင်အသင်းက လူမည်းကစားသမားတွေကို လှောင်ပြောင်တဲ့သီချင်းသီဆိုခဲ့တဲ့ လုပ်ရပ်အတွက် ပရိသတ်အတော်များများရဲ့ အမြင်မကြည်မှုကို လက်ခံရရှိနေသူပါ။

ဒီလုပ်ရပ်အတွက် သူ့ဘက်က တောင်းပန်ခဲ့ပေမယ့် ပရိသတ်တချို့ကတော့ သူ့ကို အခဲမကြေသေးဘဲ လူမျိုးရေးခွဲခြားသူအဖြစ် သတ်မှတ်နေကြပါတယ်။

သူ့ကို ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ်ကစားစေတာနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ များစွာထွက်ပေါ်လာပြီး ပရိသတ်တစ်ဦးက “ဒီနွေရာသီမှာ ဆိုးရွားတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက် ဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဖြစ်လာတယ်။ ဒီအသင်းက ဟာသအသင်းစစ်စစ်ပဲ”လို့ ရေးခဲ့ပါတယ်။

နောက်ပရိသတ်တစ်ဦးကလည်း “လူမျိုးရေးခွဲခြားသူတစ်ဦးကို ဘယ်လိုအပြစ်ပေးတာလဲ။ အသင်းခေါင်းဆောင်လက်ပတ်ပေးတာလား”လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းမှာ အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်က ဒဏ်ရာကြောင့် မကစားနိုင်သေးသလို၊ ဒုတိယအသင်းခေါင်းဆောင် ဘင်ချီဝဲလ်၊ တတိယအသင်းခေါင်းဆောင် ဂယ်လက်ဂါတို့က အသင်းအပြောင်းအရွှေ့ကိစ္စရပ်တွေ ရှိနေတာကြောင့် နည်းပြမာရက်စကာက အသင်းမှာ အသုံးမပြုဘဲ ထားခဲ့ပါတယ်။

ဒါကြောင့် မာရက်စကာက ဖာနန်ဒက်ဇ်ကို ဒီပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ကစားစေခဲ့ပြီး ဒီလို အသင်းခေါင်းဆောင်အဖြစ် ကစားစေတာနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မာရက်စကာက မိမိတို့အားလုံး အမှားမပြုလုပ်သူ မရှိဘူးလို့ ဆိုခဲ့ပြီး ဖာနန်ဒက်ဇ်ဟာ သူ့အမှားကို သူသိမြင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *