ဘာပေကို လစာကြွေးကျန်မပေးရင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ပါ ပိတ်ခံရနိုင်တဲ့ PSG

0

ပြင်သစ်ကလပ် PSG အသင်းနဲ့ တိုက်စစ်မှူးဟောင်း ဘာပေတို့ရဲ့ လစာကြွေးကျန်ကိစ္စဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တဲ့ အခြေအနေကို ရောက်လာပြီလို့ ဆိုရမှာပါပဲ။

ဒီတင်းမာမှုမှာ ခေါင်းမာနေတဲ့ PSG အသင်းကတော့ စိုးရိမ်စရာအန္တရာယ်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထုတ်ခံရနိုင်တာပါပဲ။

PSG အသင်းဟာ အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာသွားတဲ့ ဘာပေကို အစာမကြေဖြစ်နေပြီး သူတို့ရဲ့ဆုံးရှုံးမှုအတွက် လက်စားချေတဲ့အနေနဲ့ လစာငွေတွေနဲ့ ဆုကြေးငွေတွေကို မပေးဘဲ ချန်လှပ်ထားတာပါ။

ဘာပေရဲ့မိခင်ဖြစ်သူ လာမာရီရဲ့ပြောစကားအရ ဘာပေဟာ PSG အသင်းထံက (၂)လစာကြွေးကျန်နဲ့ ဆုကြေးငွေ စုစုပေါင်း ယူရိုသန်း(၈၀)လောက်ရဖို့ ရှိနေကြောင်း သိရပါတယ်။

ဘာပေနဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီကိစ္စအတွက် PSG အသင်းဆီ စာပို့တောင်းခံခဲ့ပေမယ့် အကြောင်းပြန်မှု တစ်စုံတရာမရခဲ့ပါဘူး။

ဒါကြောင့် ပြင်သစ်ဘောလုံးလိဂ်အဖွဲ့ချုပ်(LFP)ကို တရားဝင်တိုင်ကြားထားသလို ဥပဒေကြောင်းအရလည်း တရားရင်ဆိုင်သွားဖို့ စီစဉ်နေပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ LFP အနေနဲ့ PSG အသင်းကို အရေးယူဖို့စီစဉ်နေပြီး ဘယ်လိုပြစ်ဒဏ်ချမလဲဆိုတာကို ဆွေးနွေးနေကြောင်း သိရပါတယ်။ LFP ဟာ PSG အသင်းကို ကစားသမားအပြောင်းအရွှေ့ပိတ်ပင်တဲ့ ပြစ်ဒဏ်မျိုးချမှတ်နိုင်သလို၊ အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် ဥရောပပြိုင်ပွဲတွေ ဝင်ပြိုင်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်အထိ ချမှတ်နိုင်ကြောင်း သိရပါတယ်။

ဒါကြောင့် PSG အသင်းအနေနဲ့ ဆက်လက်ခေါင်းမာနေပြီး ဘာပေကို ပေးရမယ့်လစာကြွေးကျန်တွေကို မပေးဘဲဆုပ်ကိုင်ထားမလား .. LFP ရဲ့ပြစ်ဒဏ်က ဘာဖြစ်နိုင်မလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *