PFA အကောင်းဆုံးဆုကို လူကြီးဆုရော၊ လူငယ်ဆုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ (၆)ဦး မြောက် ကစားသမား ဖိုဒန်

0

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ချီးမြှင့်တဲ့ဆုတွေထဲမှာ အဓိကကျတဲ့ဆုနှစ်ခုဖြစ်တဲ့ PFA အကောင်းဆုံးကစားသမားဆု (Men’s Player of the Year)နဲ့ PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men’s Young Player of the Year)ကို နှစ်ဆုလုံးရဖူးသူစာရင်းမှာ မန်စီးတီးတောင်ပံကစားသမားဖီးလ်ဖိုဒန် ပါဝင်လာပါတယ်။

ဒီဆုနှစ်ဆုလုံးကိုရယူနိုင်သူက အရင်က (၅)ဦးရှိခဲ့ပြီး ဖိုဒန်က (၆)ဦးမြောက်ကစားသမားဖြစ်လာတာပါ။

အရင်က လီဗာပူးလ်ကွင်းလယ်လူစတီဗင်ဂျရတ်၊ မန်ယူနိုက်တက်တောင်ပံကစားသမား စီရော်နယ်ဒို၊ မန်ယူနိုက်တက်တိုက်စစ်မှူး ဝိန်းရွန်နီ၊ စပါးတောင်ပံကစားသမားဂါရတ်ဘေးလ်၊ ချယ်လ်ဆီးတောင်ပံကစားသမားဟာဇက်တို့က PFA အကောင်းဆုံးကစားသမားဆုရော၊ PFA အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ကြတာပါ။

ဒီအထဲမှာ စီရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့က ထူးခြားမှုအဖြစ် ဒီဆုနှစ်ဆုလုံးကို တစ်ရာသီအတွင်းမှာ တစ်ပြိုင်တည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုက ၂၀၀၆-၀၇ ဘောလုံးရာသီမှာ တစ်ဦးချင်းအကောင်းဆုံးဆုတွေ သိမ်းကျူံးရယူပြီး PFA ဆုနှစ်ဆုလုံးကိုပါ ရယူခဲ့တာပါ။ ဂါရတ်ဘေးလ်ကတော့ ၂၀၁၃ ခုနှစ်မှာ ဒီဆုနှစ်ဆုစလုံးကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ဖိုဒန်ဟာ ၂၀၂၀-၂၁ ရာသီနဲ့ ၂၀၂၁-၂၂ ရာသီတွေမှာ PFA အကောင်းဆုံးလူငယ်ကစားသမားဆုကို (၂)နှစ်ဆက်ရယူနိုင်ခဲ့ပြီး အခု PFA အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

PFA အကောင်းဆုံးလူငယ်ကစားသမားဆုကိုအင်္ဂလန်နိုင်ငံသားတွေက လွှမ်းမိုးထားပြီး (၃၈)ကြိမ်ဆွတ်ခူးခဲ့ပါတယ်။ ဝေးလ်ကစားသမားတွေက (၆)ကြိမ်ဆွတ်ခူးခဲ့ပြီး ကျန်နိုင်ငံအသီးသီးက ကစားသမားတွေအနေနဲ့ တစ်ကြိမ်စီသာ ဆွတ်ခူးနိုင်ကြပါတယ်။

PFA အကောင်းဆုံးကစားသမားဆုကို အင်္ဂလန်ကစားသမားတွေက (၁၉)ကြိမ်ဆွတ်ခူးထားပြီး နောက်မှာ ဝေးလ်ကစားသမားတွေက (၆)ကြိမ်၊ ပြင်သစ်ကစားသမားတွေက(၅)ကြိမ်၊ နယ်သာလန်ကစားသမားတွေက(၄)ကြိမ် ဆွတ်ခူးပြီး နိုင်ငံအလိုက်စာရင်းမှာဦးဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *