ဖီးလ်ဖိုဒန်၊ ကိုးလ်ပါမားတို့ ဆုတွေ ဆွတ်ခူးခဲ့တဲ့ PFA အကောင်းဆုံးကစားသမား ဆုပေးပွဲ

0

အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)ရဲ့ ၂၀၂၃-၂၄ ရာသီအတွက် အကောင်းဆုံးဆုပေးပွဲကို အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာကျင်းပခဲ့ပါတယ်။

PFA အကောင်းဆုံးကစားသမားဆု (Men’s Player of the Year)၊ PFA အကောင်းဆုံးလူငယ်ကစားသမားဆုတွေအပြင် အကောင်းဆုံးအမျိုးသမီးဆုတွေ၊ အင်္ဂလန်လိဂ်အတန်းအလိုက် အကောင်းဆုံးဆုတွေကိုလည်း ချီးမြှင့်ခဲ့ပြီး PFA အကောင်းဆုံးအသင်း (Teams of the Year)ကိုလည်း ရွေးချယ်ကြေညာခဲ့ပါတယ်။

PFA အကောင်းဆုံးကစားသမားဆု (Men’s Player of the Year)ကို မန်စီးတီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားဖီးလ်ဖိုဒန်က ဆွတ်ခူးခဲ့ပြီး၊ PFA အကောင်းဆုံးလူငယ်ကစားသမားဆု (Men’s Young Player of the Year)ကို ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါမားက ဆွတ်ခူးရရှိခဲ့ပါတယ်။

ဖိုဒန်နဲ့ ပါမားတို့ဟာ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဆုပေးပွဲမှာလည်း ဆုရရှိခဲ့ကြသူတွေဖြစ်ပြီး ဖိုဒန်က ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ ပါးလ်မားက ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့တာဖြစ်ပါတယ်။

ဖိုဒန်ဟာ အင်္ဂလန်ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့ချုပ်(FWA)က ချီးမြှင့်တဲ့ ၂၀၂၃-၂၄ ရာသီအတွက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးထားပြီး ဒီရာသီမှာ တစ်ဦးချင်းအကောင်းဆုံးဆု(၃)ခု ရယူနိုင်ခဲ့တာပါ။

PFA ရဲ့ အကောင်းဆုံးအမျိုးသမီးကစားသမားဆု (Women’s Player of the Year)ကို မန်စီးတီးအမျိုးသမီးအသင်းက ဂျမေကာတိုက်စစ်မှူး ခါဒီဂျာရှောက ဆွတ်ခူးခဲ့ပါတယ်။ PFA ရဲ့ အကောင်းဆုံးအမျိုးသမီးလူငယ်ကစားသမားဆု (Women’s Young Player of the Year)ကို မန်ယူနိုက်တက်အမျိုးသမီးအသင်းရဲ့ ကွင်းလယ်လူဂရေ့စ်ကလင်တန်က ဆွတ်ခူးခဲ့ပါတယ်။

ခါဒီဂျာရှောဟာ FWA ရဲ့အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုလည်း ရရှိထားတာကြောင့် မန်စီးတီးအသင်းက အကောင်းဆုံး အမျိုးသား/အမျိုးသမီးကစားသမားဆုတွေကို သိမ်းကျူံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

PFA ရဲ့ နေရာအလိုက် အကောင်းဆုံးအသင်း

■ ဂိုး – ရေယာ (အာဆင်နယ်)

■ နောက်တန်း – ဆာလီဘာ(အာဆင်နယ်)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ ဂေဘရီယယ်လ် (အာဆင်နယ်)၊ ဝေါ်လ်ကာ(မန်စီးတီး)

■ အလယ်တန်း – ရိုဒရီ (မန်စီးတီး)၊ ရိုက်စ် (အာဆင်နယ်)၊ အော်ဒီဂါ (အာဆင်နယ်)

■ ရှေ့တန်း – ဟာလန်း (မန်စီးတီး)၊ ဖိုဒန်(မန်စီးတီး)၊ ဝက်ကင်စ် (ဗီလာ)

Leave a Reply

Your email address will not be published. Required fields are marked *