ဘာပေရဲ့ ပြောင်းရွှေ့ကြေး အလွတ်လမ်းစဉ်ကို လိုက်ပြီး လီဗာပူးလ်အသင်းကို ဆာလာကို စွန့်ခွာမလား

0

လီဗာပူးလ်မြို့ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ Liverpool Echo သတင်းစာရဲ့ အဓိကအားကစားကလောင်ရှင်ဖြစ်တဲ့ အီယန်ဒွိုင်းလ်က လီဗာပူးလ်တိုက်စစ်မှူးဆာလာဟာ အခုရာသီကုန်ရင် လီဗာပူးလ်အသင်းကို စွန့်ခွာတော့မယ်လို့ အတိအလင်းပြောကြားလိုက်ပါတယ်။

အီယန်ဒွိုင်းလ်ဟာ Liverpool Echo သတင်းစာမှာ လီဗာပူးလ်အသင်းအကြောင်းကို အဓိကရေးသားနေသူဖြစ်လို့ သူ့ရဲ့ထုတ်ဖော်ပြောဆိုမှုဟာ လစ်လျူရှုလို့ မရဘဲ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာဖြစ်နေပါတယ်။

အီယန်ဒွိုင်းလ်ရဲ့ပြောဆိုမှုအရ ဆာလာဟာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာမယ်လို့ ဆိုပါတယ်။

ဒီအတိုင်းဆိုရင် ဆာလာရဲ့လမ်းခွဲမှုဟာ ပြင်သစ်ကလပ် PSG အသင်းကနေ ပြင်သစ်တိုက်စစ်မှူးဘာပေ လမ်းခွဲထွက်ခွာတဲ့ပုံစံမျိုးဖြစ်နေမှာဖြစ်ပြီး ဒီလို လမ်းခွဲတာကို လီဗာပူးလ်အသင်းတာဝန်ရှိသူတွေက ဘယ်လိုသဘောထားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

PSG အသင်းကနေ ဘာပေလမ်းခွဲစဉ်က PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလီဖီအပါအဝင် အသင်းတာဝန်ရှိသူတွေဟာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး အခုအချိန်အထိ ဘာပေရဲ့လစာနဲ့ဆုကြေးကြွေးကျန်တွေမပေးလို့ နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေးပျက်ပြားပြီး အမုန်းတရားကြီးထွားနေပါတယ်။

ဆာလာအနေနဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးမှ လမ်းခွဲခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ သူ့အတွက် ပြောင်းရွှေ့ကြေးမြိုးမြိုးမြတ်မြတ်ရနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပေရဲ့လမ်းစဉ်မျိုးကို ဆာလာရွေးချယ်ခဲ့ရင် ဘာတွေဖြစ်လာမလဲ … PSG အသင်းနဲ့ ဘာပေအကြား အမုန်းတရားကြီးထွားခဲ့သလို လီဗာပူးလ်အသင်းနဲ့ ဆာလာအကြားမှာရော အမုန်းတရားနဲ့ လမ်းခွဲမှုဖြစ်လာမလား .. နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့တဲ့ ကတ္ထီပါလမ်းခွဲဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Leave a Reply

Your email address will not be published. Required fields are marked *