ဗီလာအသင်းက ချန်ပီယံလိဂ်ဖလားနဲ့ ရန်စတာကို ခံခဲ့ရတဲ့ အာဆင်နယ်

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) အက်စတွန်ဗီလာ(ဝ-၂)အာဆင်နယ်ပွဲမှာ ဗီလာအသင်းတာဝန်ရှိသူတွေက တမူထူးခြားတဲ့လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ ပွဲမတိုင်ခင် နှစ်ဘက်ကစားသမားတွေ ကွင်းထဲဝင်မယ့် ဥမင်လျှောက်လမ်းအတွင်းမှာ ချန်ပီယံလိဂ်ဖလားတစ်လုံးကို ထားရှိခဲ့တာပါ။

ဒီဖလားကို ဒီအတိုင်း ပိုးလိုးပက်လက်ထားတာတော့ မဟုတ်ပါဘူး။ နှစ်ဖက်ကစားသမားတွေ ကိုင်တွယ်ထိတွေ့ချင်ရင်တောင် ကိုင်လို့မရအောင် မှန်သေတ္တာထဲထည့်ပြီး အလှပြသလို ထားရှိတာပါ။

ဒီဖလားက ၁၉၈၂ ခုနှစ်က ဗီလာအသင်းရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလား(ထိုစဉ်က ဥရောပဖလား)ဖြစ်ပါတယ်။ အဲဒီတုန်းက ဂျာမန်အသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ယူပြီး ဥရောပဖလားကို ရယူခဲ့တာပါ။

ဒီဖလားက အသင်းရဲ့ဆုဖလားဗီဒိုထဲမှာ ရှိရမယ့်အစား ကွင်းဥမင်လျှောက်လမ်းက နှစ်ဖက်ကစားသမားတွေ ပွဲမတိုင်ခင် စောင့်ဆိုင်းတဲ့နေရာကို ရောက်လာတာက ပုံမှန်တော့မဟုတ်ပါဘူး။

ဒီလို ထားရှိတာက အခုအချိန်အထိ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ အာဆင်နယ်အသင်းကို မခံချင်အောင် ရန်စသလိုဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်မှ ချန်ပီယံမဖြစ်ဖူးသေးတဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားနဲ့ပတ်သက်လာရင် သူတို့ရဲ့အားနည်းချက်တစ်ခုလိုဖြစ်နေပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ခနိုးခနဲ့လှောင်ပြောင်မှုတွေကို အမြဲတစေခံနေရတဲ့အသင်းလည်းဖြစ်ပါတယ်။

ဒါကြောင့် ဗီလာအသင်းကလည်း အာဆင်နယ်အသင်းကို မရိုးမရွဖြစ်အောင် ပွဲမတိုင်ခင် ဒီလိုပြုလုပ်ခဲ့တာဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာ အာဆင်နယ်ကစားသမားတွေ အနေနဲ့ ဗီလာအသင်းကို မခံချင်စိတ်နဲ့ ကြိုးစားခဲ့ပုံပေါ်ပါတယ်။

အာဆင်နယ်အသင်းနည်းပြဟောင်းအူနိုင်းအမ်မရီကိုင်တွယ်နေတဲ့ ဗီလာအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံးအနိုင်ရခဲ့ပေမယ့် ဒီရာသီမှာတော့ အိမ်ကွင်းမှာ ထရောဆာ့ဒ်၊ ပါတေးတို့ရဲ့ဂိုးတွေကြောင့် အရှုံးပေးခဲ့ရပါတယ်။

ဗီလာအသင်းရဲ့ရန်စမှုက အာဆင်နယ်အသင်းကို ပွဲအနိုင်ရအောင် တွန်းအားပေးသလိုဖြစ်ခဲ့တာလားဆိုတာ တွေးစရာဖြစ်ခဲ့ပါတယ်။ ဗီလာအသင်းအနေနဲ့ နောက်ပွဲတွေမှာရော ဒီဖလားကို ဒီနေရာမှာ ဆက်လက်ထားရှိမလားဆိုတာ သတိထားစောင့်ကြည့်ရမှာဖြစ်ပြီး တကယ်လို့ မထားဘူးဆိုရင်တော့ အာဆင်နယ်အသင်းအတွက် ပိုခံပြင်းစရာဖြစ်စေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *