ရီးရယ်လ်မက်ဒရစ်အသင်းကိုသာမက ဘောလုံးကစားခြင်းကိုပါစွန့်လွှတ်တော့မယ့် တိုနီကရူးစ်

0

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂျာမနီလက်ရွေးစင်ကွင်းလယ်လူတိုနီကရူးစ်က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဒီနွေရာသီမှာ လမ်းခွဲမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင် ဘောလုံးကစားခြင်းကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိသူတိုနီကရူးစ်အနေနဲ့ သူ(၁၀)နှစ်ကြာကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို သံယောဇဉ်ဖြတ်ရုံမက ဘောလုံးကစားခြင်းကိုပါ စွန့်လွှတ်တော့မှာဖြစ်ကြောင်း အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့် ဇွန်(၁)ရက်နေ့မှာ ကစားမယ့် ရီးရဲလ်မက်ဒရစ်-ဒေါ့မွန် ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ တိုနီကရူးစ်အတွက် ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာမှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား(၄)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တဲ့ တိုနီကရူးစ်အတွက် စနေနေ့မှာကစားမယ့် ရီးရဲလ်ဘက်တစ်အသင်းနဲ့ လာလီဂါပွဲစဉ်ဟာလည်း သူ့ရဲ့ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ နောက်ဆုံးလာလီဂါပွဲစဉ်ဖြစ်လာမှာပါ။
တိုနီကရူးစ်က ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ရဲ့နောက်ဆုံးကလပ်ဖြစ်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ သူ့ရဲ့Instagram မှာ ရေးသားခဲ့ပါတယ်။

တိုနီကရူးစ်က “၂၀၁၄ ဇူလိုင်(၁၇)ရက်က ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ် စတင်မိတ်ဆက်ခဲ့တဲ့နေ့ဟာ ကျွန်တော့်ရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့နေ့ပါ။ (၁၀)နှစ်အကြာရာသီအကုန်မှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍကိုအဆုံးသတ်ရတော့မှာပါ။ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အချိန်တွေကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ယူရိုပြိုင်ပွဲအပြီးမှာ ကျွန်တော့်ရဲ့ကစားသမားဘဝကိုလည်း အဆုံးသတ်တော့မှာပါ”လို့ ရေးသားခဲ့တာပါ။

တိုနီကရူးစ်ဟာ ၂၀၂၁ ဇူလိုင်က နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူခဲ့ပေမယ့် ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းနဲ့ ဆွေးနွေးမှုပြုလုပ်အပြီးမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြောင်းပြီး ဂျာမနီအသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ တိုနီကရူးစ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *