အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲ ပဏာမလူစာရင်းမှာ ရပ်ရှ်ဖိုဒ့်နဲ့ ဟန်ဒါဆန်တို့ကို ဆောက်ဂိတ်ချန်လှပ်

0

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်စခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်ဖို့ ပဏာမကစားသမား(၃၃)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်နဲ့ အိုင်းယက်စ်အသင်းကွင်းလယ်လူ ဟန်ဒါဆန်တို့ချန်လှပ်ခံခဲ့ရပါတယ်။

ရပ်ရှ်ဖိုဒ့်ဟာ ဒီရာသီ မန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသလို ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ဟန်ဒါဆန်ကလည်း အိုင်းယက်စ်အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိဖြစ်နေတာပါ။

အင်္ဂလန်အသင်းရဲ့ပဏာမလူစာရင်းမှာ ရပ်ရှ်ဖိုဒ့်နဲ့ ဟန်ဒါဆန်အပြင် ချယ်လ်ဆီးအသင်းကစားသမားတွေဖြစ်တဲ့ ရီးစ်ဂျိမ်းစ်၊ ဘန်ချီဝဲလ်နဲ့ စတာလင်၊ မန်စီးတီးအသင်းကနေ ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ကယ်လ်ဗင်ဖီးလစ်၊ ဘုန်းမောက်အသင်းမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူး ဆိုလန်ကီတို့လည်း ရွေးချယ်ခံရခြင်းမရှိတာဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ကိုဘီမိုင်နူး၊ ကာတစ်ဂျုံးစ်၊ ဘရန်ဝိတ်၊ ဝါတန်နဲ့ ကွင်ဆာတို့ကို ပဏာမစာရင်းထဲ ရွေးချယ်ခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ရပ်ရှ်ဖိုဒ့်ရဲ့နေရာမှာကစားတဲ့ အခြားတွေကစားသမားတွေက သူ့ထက်ပိုကောင်းတဲ့ရာသီကိုပိုင်ဆိုင်ခဲ့တာကြောင့် ရပ်ရှ်ဖိုဒ့်ကို မရွေးချယ်ခဲ့တာလို့ ပြောခဲ့ပြီး ဟန်ဒါဆန်ကို မရွေးချယ်ခဲ့တာက သူ့အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမရွေးချယ်ထားတဲ့ ကစားသမား(၃၃)ဦးထဲက (၇)ဦးအထိ ပြန်လည်လျှော့ချပြီး အပြီးသတ်လူစာရင်းထုတ်ပြန်ရမှာပါ။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် ဇွန်(၃)ရက်မှာ ဘော့စနီးယား၊ ဇွန်(၇)ရက်မှာ အိုက်စလန်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *