နည်းပြတစ်ဦးဘဝကို လျှောက်လှမ်းမှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့တဲ့ စီရော်နယ်ဒို

0

အယ်လ်နာဆာအသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်း ခေါင်းဆောင် စီရော်နယ်ဒိုက တစ်နေ့နေ့တစ်ချိန်ချိန်မှာ နည်းပြဘဝကို လျှောက်လှမ်းနိုင်သလားဆိုတဲ့ မေးခွန်းကို ငြင်းဆန်တဲ့စကားနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။

ပေါ်တူဂီသတင်းစာ “Apola” နဲ့ တွေ့ဆုံရာမှာ စီရော်နယ်ဒိုက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“တစ်နေ့နေ့မှာ ကျွန်တော့်ကိုယ်ကျွန်တော် နည်းပြအဖြစ်ပြန်မြင်ရဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာ ဘယ်ဘောလုံးအသင်းကို နည်းပြမယ်လို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ ဒါကိုကျွန်တော်တွေးတောင်မတွေးဖူးခဲ့တာပါ။ ဖြစ်နိုင်တာကတော့ အနာဂတ်မှာ ဘောလုံးနဲ့ မပတ်သက်တဲ့အလုပ်တွေကို လုပ်ဖြစ်နေမယ်ထင်ပါတယ်”လို့ စီရော်နယ်ဒိုက ဆိုခဲ့တာပါ။

စီရော်နယ်ဒိုအနေနဲ့ ကလပ်အသင်းဘောလုံးလောကမှာ အောင်မြင်မှုများစွာရယူနိုင်ခဲ့သလို သူရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းကိုလည်း ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်မှုပေးနိုင်ခဲ့ပါတယ်။

ယူရို-၂၀၁၆ ဗိုလ်လုပွဲဖြစ်တဲ့ ပြင်သစ်-ပေါ်တူဂီပွဲမှာ စောစောစီးစီးဒဏ်ရာရလို့ ကွင်းပြင်ထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုအနေနဲ့ ကွင်းဘေးစည်းမှာ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်နဲ့ အပြိုင် ကွင်းထဲမှာ ကစားသမားတွေကို ညွှန်ကြားနေတာက အများဝေဖန်စရာဖြစ်ခဲ့ပါတယ်။

လက်ရွေးစင်အသင်းနည်းပြကို လေးစားမှုမထားဘဲ ကွင်းဘေးမှာ နည်းပြတစ်ဦးလို ပြုမူခဲ့တယ်လို့ ဝေဖန်သူတွေက မှတ်ချက်ပြုခဲ့ကြပြီး တစ်နေ့နေ့မှာ သူ့အနေနဲ့ ပေါ်တူဂီအသင်းနည်းပြဖြစ်လာလိမ့်မယ်ဆိုတဲ့ မှတ်ချက်ပြုမှုတွေလည်းရှိခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အသက်(၄၀)နှစ်ပြည့်ဖို့ (၆)လသာလိုတော့တဲ့ စီရော်နယ်ဒိုက သူ့အနေနဲ့ နည်းပြလုပ်ဖို့ ရည်ရွယ်ချက်မရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *