ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းနှုန်းအမြန်ဆုံးကစားသမား အာလင်းဟာလန်း

0

မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းဟာ ပရီးမီးယားလိဂ်ရဲ့ဟက်ထရစ်အများဆုံးသွင်းယူသူတွေထဲမှာ ဟက်ထရစ်သွင်းနှုန်းအမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဟာလန်းရဲ့ဟက်ထရစ်က (၇)ကြိမ်အထိရှိလာခဲ့ပြီး မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့ဟက်ထရစ်အကြိမ်အရေအတွက်(၇ ကြိမ်)ကို လိုက်မီခဲ့ပါတယ်။

ဟက်ထရစ်(၇)ကြိမ်ရဖို့ ရွန်နီက ပရီးမီးယားလိဂ်ပွဲပေါင်း(၄၉၁)ပွဲအထိကစားခဲ့ရပြီး ဟာလန်းကတော့ (၆၈)ပွဲသာ ကစားခဲ့ရတာပါ။ ဒါကြောင့် ဟက်ထရစ်တစ်ကြိမ်အတွက် ရွန်နီရဲ့ပျမ်းမျှပွဲက(၇၀)လောက်အထိရှိပေမယ့် ဟာလန်းကတော့ ဟက်ထရစ်တစ်ကြိမ်သွင်းနိုင်ဖို့ ပျမ်းမျှ(၁၀)ပွဲလောက်သာလိုအပ်တာပါ။

ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အများဆုံးသွင်းယူသူအဖြစ် (၁၂)ကြိမ်သွင်းယူထားတဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂွဲရိုးအနေနဲ့ ပွဲပေါင်း(၂၇၅)ပွဲကစားခဲ့တာကြောင့် ဟက်ထရစ်တစ်ကြိမ်အတွက် ပျမ်းမျှ(၂၃)ပွဲနှုန်းရှိနေပါတယ်။

ဟက်ထရစ်(၁၁)ကြိမ်သွင်းထားတဲ့ အလန်ရှီးယားက ဟက်ထရစ်တစ်ကြိမ်အတွက် ပျမ်းမျှပွဲ(၄၀)နှုန်း၊ ဟက်ထရစ်(၉)ကြိမ်သွင်းထားတဲ့ ရော်ဘီဖောင်လာက ဟက်ထရစ်တစ်ကြိမ်အတွက် ပျမ်းမျှ(၄၂)ပွဲနှုန်း၊ ဟက်ထရစ်(၈)ကြိမ်သွင်းထားတဲ့ မိုက်ကယ်အိုဝင်က ဟက်ထရစ်တစ်ကြိမ်အတွက် ပျမ်းမျှ(၄၁)ပွဲနှုန်း၊ ဟက်ထရစ်(၈)ကြိမ်သွင်းထားတဲ့ ဟာရီကိန်းက ဟက်ထရစ်တစ်ကြိမ်အတွက် ပျမ်းမျှပွဲ(၄၀)နှုန်း၊ ဟက်ထရစ်(၈)ကြိမ်သွင်းထားတဲ့အွန်နရီက ဟက်ထရစ်တစ်ကြိမ်အတွက် ပျမ်းမျှ (၃၂)ပွဲနှုန်း အသီးသီးရှိကြပြီး ဟာလန်းက ဘယ်ကစားသမားနဲ့ပဲ ယှဉ်ယှဉ် အလွန်မြန်ဆန်တဲ့ ဟက်ထရစ်သွင်းနှုန်းကို ပိုင်ဆိုင်ထားတာပါ။

ဟာလန်းရဲ့ဟက်ထရစ်သွင်းနှုန်းက တစ်ရာသီကို (၃)ကြိမ်အထက်မှာ ရှိနေပြီး ဒီနှုန်းအတိုင်းဆိုရင် ဟာလန်းအနေနဲ့ ပရီးမီးယားလိဂ်ဟက်ထရစ်စံချိန်ရှင် အဂွဲရိုးရဲ့(၁၂)ကြိမ်စံချိန်ကို နောက်ရာသီအကုန်လောက်မှာ လိုက်မီနိုင်တဲ့အနေအထားရှိနေပါတယ်။

မန်စီးတီးမှာ (၁၀)ရာသီကစားပြီးမှ ဟက်ထရစ်စံချိန်ရှင်အဖြစ် (၁၂)ကြိမ်နဲ့ တင်နိုင်ခဲ့တဲ့ အဂွဲရိုးရဲ့စံချိန်ကို ဟာလန်းတစ်ယောက် (၄)ရာသီတည်းနဲ့ လိုက်မီနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *