ရီးရဲလ်မက်ဒရစ်အသင်းမှာ “ဘော်ဘီ”လို့ အမည်တွင်နေတဲ့ အန်းဒရစ်

0

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်လူငယ်တိုက်စစ်မှူးအန်းဒရစ်ရဲ့နာမည်အရင်းက အန်းဒရစ်ဖီလီပီမိုရဲရားဒီဆော်ဆာ ဖြစ်ပါတယ်။

၂၀၀၆ ဇူလိုင်လမှာ မွေးဖွားတဲ့အန်းဒရစ်က လက်ရှိရီးရဲလ်မက်ဒရစ်အသင်းကြီးရဲ့လူစာရင်းမှာ အသက်အငယ်ဆုံးကစားသမားပါ။

အသင်းရဲ့အသက်အငယ်ဆုံးကစားသမားအန်းဒရစ်ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့စီနီယာကစားသမားတွေက ဘော်ဘီလို့ ချစ်စနိုးခေါ်ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်(၂) ရီးရဲလ်မက်ဒရစ်(၃-ဝ)ဗယ်လာဒိုလစ်ပွဲမှာ အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ အန်းဒရစ်ကို ဆိုရှယ်မီဒီယာမှာ ရီးရဲလ်အသင်းဖော်တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြရာမှာ ဒီလို ခေါ်ဝေါ်တာကို ပရိသတ်တွေက သိရှိခဲ့ကြပါတယ်။

ဒီဂိုးက ရီးရဲလ်ကစားသမားဘဝမှာ အန်းဒရစ်ရဲ့ပထမဆုံးအဖွင့်သွင်းဂိုးလည်းဖြစ်ပါတယ်။

ဒီဂိုးအတွက် ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂို၊ ရူဒီဂါ၊ အလာဘာ၊ ကော်တိုအာအစရှိတဲ့ ကစားသမားတွေက ဆိုရှယ်မီဒီယာမှာ ချီးကျူးခဲ့ကြရာမှာ အန်းဒရစ်ဆိုတဲ့အမည်ကို လုံးလုံးမရေးဘဲ ဘော်ဘီ ဆိုတဲ့အမည်ကိုသာ ပုံစံအမျိုးမျိုးနဲ့ ရေးခဲ့ကြပါတယ်။

ဒီလို အန်းဒရစ်ကို ဘော်ဘီလို့ခေါ်ဝေါ်တာ သူက အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဟောင်းဘော်ဘီချာလ်တန်က သူ့ရဲ့အကြိုက်ဆုံးကစားသမားဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးလို့ပါ။

၁၉၅၈ ခုနှစ်ကနေ ၁၉၇၀ ခုနှစ် အင်္ဂလန်အသင်းအတွက် ကစားခဲ့တဲ့ဘော်ဘီချာလ်တန်ဟာ အန်းဒရစ်မမွေးဖွားခင် နှစ်(၅၀)လောက်က ကျော်ကြားခဲ့တဲ့ကစားသမားဖြစ်ပေမယ့် သူက ထူးထူးခြားခြား ဒီကစားသမားကို သူ့ရဲ့ဖေးဘရိတ်အဖြစ်ရွေးချယ်ခဲ့တာဖြစ်သလို၊ ပီလီ၊ မာရာဒိုနာအစရှိတဲ့ နာမည်ကြီးကစားသမားတွေကို ကျော်ပြီး ရွေးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးသွင်းတဲ့နေ့မှာ အန်းဒရစ်ရဲ့အသက်က (၁၈)နှစ်(၃၅)ရက်သာရှိသေးပြီး အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနိုင်ငံခြားသားဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *