FA ဖလားဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် တန်ဟတ်နဲ့လမ်းခွဲဖို့ စီစဉ်ထားတဲ့ မန်ယူနိုက်တက်

0

မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ မနက်ဖြန်ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်း ဘယ်လိုရလဒ်ထွက်ထွက် နည်းပြအဲရစ်တန်ဟတ်ကိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်းအနိုင်ရခဲ့ရင်တောင် တန်ဟတ်ဟာ အသင်းကနေထွက်ခွာရမှာဖြစ်ကြောင်း Guardian သတင်းစာက ဖော်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၉၉၀ နောက်ပိုင်း အဆိုးရွားဆုံးအဆင့်ရပ်တည်မှုဖြစ်တဲ့ အဆင့်(၈)နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာကြောင့် နည်းပြ တန်ဟတ်အပေါ် ကြီးမားတဲ့ ဖိအားတွေကျရောက်နေတာပါ။

အဲရစ်တန်ဟတ်ဟာ ဒီလိုဖိအားတွေခံစားနေရပေမယ့် FA ဖလားဗိုလ်လုပွဲမှာ မန်ယူနိုက်တက်အသင်း အနိုင်ရခဲ့ရင် သူ့ရဲ့နည်းပြရာထူးကို ကယ်တင်နိုင်မယ်လို့ ခံစားနေရပါတယ်။

ဒါပေမယ့် မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့INEOS အဖွဲ့ဟာ FA ဖလားဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ပဲထွက်ထွက် အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Guardian က ဖော်ပြခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်၊ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနို၊ ဘရန်ဖိုဒ့်အသင်းနည်းပြ သောမတ်စ်ဖရန့်နဲ့ အစ်ဝစ်ချ်အသင်းနည်းပြ မက်ကန်နာတို့ထဲက တစ်ဦးဦးကို တန်ဟတ်ရဲ့နေရာမှာအစားထိုးဖို့အတွက် စဉ်းစားနေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ၂၀၁၆ က FA ဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရပြီးနောက် နည်းပြ ဗန်ဟားလ်ကို ထုတ်ပယ်ခဲ့တဲ့ ဖြစ်ရပ်မျိုးရှိတာကြောင့် ဒီနှစ်မှာလည်း ဒီလိုမျိုးအလားတူထပ်ပြီးဖြစ်လာနိုင်တာပါ။

၂၀၂၂ နွေရာသီက မန်ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ တန်ဟတ်ဟာ သူ့ရဲ့ပထမရာသီမှာ လိဂ်ဖလားရယူပေးပြီး FA ဖလားဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တန်ဟတ်ဟာ သူ့ရဲ့ဒုတိယမြောက်ရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့် အသင်းရဲ့ရပ်တည်မှုက ပရီးမီးယားလိဂ်သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး သူ့ရဲ့ရာထူးကို ဆုံးရှုံးရဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *