ကာဂလီယာရီအသင်းကိုရော နည်းပြဘ၀ကိုပါ စွန့်ခွာသွားတော့မယ့် ရာနီရေးရီ

0

ကာဂလီယာရီအသင်းကို ဒီရာသီ တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်ပေးပြီးချိန်မှာ နည်းပြ ရာနီရေးရီက ရာသီကုန်ရင် အသင်းနဲ့လမ်းခွဲတော့မှာ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့(၃၈)နှစ်ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ နည်းပြဘဝကိုလည်း အဆုံးသတ်တော့မှာဖြစ်ကြောင်း ရာနီရေးရီက အသိပေးခဲ့ပါတယ်။ သူ့ရဲ့နည်းပြဘဝမှာ ကာဂလီယာရီအသင်းက နောက်ဆုံးကလပ်အသင်းဖြစ်လာလိမ့်မယ်လို့ ရာနီရေးရီက အတည်ပြုခဲ့တာပါ။

၁၉၈၆ ခုနှစ်မှာ အီတလီက မထင်မရှားကလပ်အသင်းငယ်လေးဖြစ်တဲ့ ဗီဂေါလာမီဇီယာအသင်းကို စတင်ကိုင်တွယ်ပြီး နည်းပြဘဝကို ဝင်ရောက်လာခဲ့တဲ့ ရာနီရေးရီဟာ ကာဂလီယာရီ(၂ ကြိမ်)၊ နာပိုလီ၊ ဖီအိုရမ်တီးနား၊ ဗလင်စီယာ(၂ ကြိမ်)၊ အက်သလက်တီကိုမက်ဒရစ်၊ ချယ်လ်ဆီး၊ ပါးမား၊ ဂျူဗင်တပ်စ်၊ ရိုးမား(၂ ကြိမ်)၊ အင်တာမီလန်၊ မိုနာကို၊ ဂရိလက်ရွေးစင်အသင်း၊ လက်စတာ၊ နန့်စ်၊ ဖူလ်ဟမ်၊ ဆမ်ဒိုးရီးယား၊ ဝက်ဖို့ဒ် အစရှိတဲ့ အသင်းပေါင်းစုံမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူပါ။

ရာနီရေးရီဟာ ၂၀၂၂ ဒီဇင်ဘာလမှာ စီးရီးဘီကလပ် ကာဂလီယာရီအသင်းကို နည်းပြအဖြစ် ဒုတိယအကြိမ်တာဝန်ယူပြီး ရာသီကုန်မှာ စီးရီးအေကို တန်းတက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ရာနီရေးရီရဲ့ကာဂလီယာရီအသင်းဟာ ဒီရာသီစီးရီးအေမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် ရာသီကုန်ချိန်မှာ တန်းမဆင်းစေဖို့အတွက်တော့ ရာနီရေးရီက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ရာနီရေးရီဟာ အခုအချိန်မှာတော့ အသက်(၇၂)နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူချစ်တဲ့ မြက်ခင်းစိမ်းတွေကို နောက်ထပ်ခြေချတော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ အင်္ဂလန်မြေမှာ အသင်းကြီးတွေကိုကျော်ပြီး လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် လမ်းပြပေးနိုင်ခဲ့တဲ့ ရာနီရေးရီရဲ့မာန်ထောင်ပလွှားခြင်းမရှိ၊ နိမ့်ချတဲ့အပြုအမူ၊ အပြောအဆိုတွေကတော့ ဘောလုံးလောကမှာ အမှတ်ရစရာအဖြစ် ကျန်ရှိနေမှာပါ…

Leave a Reply

Your email address will not be published. Required fields are marked *